မအီမြို့တွင် အသိပညာပေး အစီအစဉ်များကို Online မှတစ်ဆင့် ရိုက်ကူးထုတ်လွှင့် တင်ဆက်ပေးလျက်ရှိ

မအီ စက်တင်ဘာ ၁၇

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ မအီမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မအီမြို့ရုံးမှ အသိပညာပေး အစီအစဉ်များကို Online မှတစ်ဆင့် ရိုက်ကူးထုတ်လွှင့် တင်ဆက်ပေးလျက်ရှိသည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့် ကာလအတွင်း စာသင်းကျောင်းများ ယာယီ ပိတ်ထားရသောကြောင့် မအီမြို့အတွင်းရှိ ကျောင်းနေအရွယ်ကလေးများ ဉာဏ်ရည် ဉာဏ်သွေး ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကိုယ်ရည်ကိုယ်သွေး ထက်မြက်လာစေရန်၊ အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်၊ ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စက္ကူခေါက်ခြင်း စသည် တို့ကိုလည်းကောင်း၊ စာဖတ်ပရိတ်သတ်များအတွက် သုတ/ရသ စာအုပ်များဖြင့် စာအုပ်မိတ်ဆက်ခြင်းကို လည်းကောင်းစသည့် အသိပညာပေး အစီအစဉ်များကို မအီမြို့ ပြည်သူ့စာကြည့်တိုက် Facebook Page တွင်  ရိုက်ကူးထုတ်လွှင့် တင်ဆက်ပေးလျက်ရှိပါသည်။

ထိုသို့ ဆောင်ရွက်ပေးခြင်းကြောင့် ပြည်သူများအနေဖြင့် Online မှ တစ်ဆင့် အလွယ်တကူ ကြည့်ရှုနိူင်စေရန်၊ ကလေးသူငယ်များ စာပေဗဟုသုတ ပိုမိုတိုးတက်လာစေရန် ရည်ရွယ်၍ ပြုလုပ်ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သိရသည်။

သိန်းထွန်းအောင်