သရက် စက်တင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး တတိယအသုတ် ပထမနေ့အဖြစ် ဆေးထိုးရန် ကျန်ရှိနေသူများအား ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီ က သရက်မြို့ ရွှေသက်လွတ် ဘုရားဝန်းအတွင်းရှိ သာသနာ့ဗိမာန်တော်တွင် ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
သရက်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရေး အတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအတိုင်း စနစ်တကျ ထိုးနှံပေးလျက်ရှိပြီး ဆေးထိုးနေရာများ၌ ကျန်းမာရေး ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ ပရဟိတ အဖွဲ့များက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးသည့် စုရပ်များသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင် ဆရာဝန်ကြီးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များအား ကူညီဆောင်ရွက် ပေးလျက်ရှိသည်။
ဆေးထိုးနှံခြင်းများအား နေ့စဉ် နံနက် ၉ နာရီမှ ၁၂ နာရီနှင့် နေ့လည် ၁ နာရီမှ ၃ နာရီအထိ ထိုးနှံပေးသွားမည်ဖြစ်သည်။
သရက်မြို့နယ်၌ ယခုအကြိမ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး အလုံးရေ ၁၉၀၀ လုံး ရရှိထားသဖြင့် ဆေးတစ်လုံးလျှင် လူ(၅)ဦး ထိုးနှံပေးနိုင်သည့်အတွက် လူဦးရေ ၉၅၀၀ ဦးအား ကာကွယ်ဆေးများ ထိုးနှံပေးသွားနိုင်မည်ဖြစ်ကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)