စလင်းမြို့နယ်၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသူများ ဆက်လက် ထိုးနှံနိုင်ရေး ညှိနှိုင်းဆွေးနွေး

စလင်း စက်တင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသူများ ကာကွယ်ဆေး ဆက်လက်ထိုးနှံနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရှိ ပတ္တမြားခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် စလင်းမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးနေလင်းနိုင်က ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ကူးစက်ပြန့်ပွားမှု လျော့နည်းစေရေးအတွက် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံရာ၌ အကြောင်း အမျိုးမျိုးကြောင့် ဆေးထိုးရန်ကျန်ရှိနေသော ဆရာတော် သံဃာတော်များနှင့် သီလရှင်ဆရာလေးများ၊ နိုင်ငံ့ဝန်ထမ်းများ၊ အသက်(၁၈)နှစ်အထက်ရှိ ပြည်သူများကို ကာကွယ်ဆေးဆက်လက် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း၊ တက်ရောက် လာကြသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း အောင်မြင်စွာ ထိုးနှံပြီးစီးနိုင်ရေးအတွက် လိုအပ်သည်များကို ဝိုင်းဝန်းကူညီပံ့ပိုးပေးကြရန် ဆွေးနွေး ပြောကြား ခဲ့ကြသည်။

ဆက်လက်၍ စလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးလွှမ်းမိုးအောင်နှင့် ရုံးအုပ်ကြီး ဦးသိန်းဇော်တို့က မြို့နယ်လုံးကျွတ် ဒုတိယအကြိမ်ကာကွယ်ဆေး အကြိမ်ရေအပြည့် ထိုးနှံနိုင်ရေး သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက အသိပညာပေး ပြောကြားခြင်း၊ စည်းရုံးဆောင်ရွက်ခြင်းများ ကြိုတင်စီစဉ် ဆောင်ရွက်ထားကြရန် ဆွေးနွေး မှာကြားပြီး တက်ရောက်လာကြသူများက မြို့နယ်အတွင်းရှိ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများစာရင်းကို ဆက်လက်တင်ပြရာ မြို့နယ်အုပ်ချုပ်ရေးမှူး က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။

စလင်းမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို စက်တင်ဘာလ ၁ ရက်နေ့မှ ၉ ရက်နေ့အထိ ဆေးထိုးစုရပ်များတွင် ထိုးနှံပေးခဲ့ပြီး ကျန်ရှိနေသူများအား စက်တင်ဘာလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ ဆက်လက်ထိုးနှံပေး သွားမည်ဖြစ်ကြောင်း သိရသည်။

မောင်လွင်(စလင်း)