တမူး စက်တင်ဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်အတွင်းရှိ အသက်(၆၅) နှစ်အထက်ရှိ သက်ကြီးဘိုးဘွားများ၊ သာသနာ့ ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ အပါအဝင် ဦးတည် အုပ်စုများအလိုက် သတ်မှတ်ထားရှိသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တတိယနေ့ ထိုးနှံခြင်းကို ယနေ့နံနက် ၈ နာရီ အချိန်မှစတင်၍ မြို့နယ်အတွင်းရှိ ဆေးထိုး စုရပ်များတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်အတွင်းရှိ ဆေးထိုးစုရပ်များဖြစ်သည့် တမူးမြို့၊ အ.ထ.က(၁) ကျောင်း၊ ခမ်းပါတ်မြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၊ မြို့သစ်မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတို့တွင် ဆေးထိုးစုရပ်များထားရှိ၍ ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေး လာရောက်ထိုးနှံရန် ခရီးဝေးကွာသည့် ကျေးရွာများ၊ လမ်းပမ်းဆက်သွယ်ရေး ခက်ခဲသည့် ကျေးရွာပြည်သူများအတွက် ဝိတုတ်ရွာ မကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျန်းမာရေး ဝန်ထမ်းများ စေတနာ့ဝန်ထမ်းများမှ ကွင်းဆင်း၍ ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် ပထမအကြိမ် ထိုးနှံပေးခဲ့သည့် (၃၀၀၀)ဦးတို့အား ထိုးနှံပေးခြင်းဖြစ်ပြီး ကာကွယ်ဆေး စတင် ထိုးနှံပေးခဲ့သည့် စက်တင်ဘာ(၁၅)ရက်နေ့မှ (၁၆)ရက်နေ့အထိ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၊ သာသနာ့ဝန်ထမ်းများ ပုဂ္ဂလိကစက်ရုံဝန်ထမ်းများ ယာဉ်မောင်းယာဉ်နောက်လိုက်များ၊ စျေးရောင်းချသူများ၊ ပြည်သူများအပါအဝင်(၂၄၂၃)ဦးတို့အား ကာကွယ်ဆေး ထိုးနှံပေးပြီး ဖြစ်ကြောင်း သိရသည်။
ဖိုးကျော်