သဲကုန်း စက်တင်ဘာ ၁၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် သစ်တောဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ အောက်တိုဘာလမှ စက်တင်ဘာလအထိ ဆောင်ရွက်သည့် ဒေသခံပြည်သူအစုအဖွဲ့ ပိုင်သစ်တော(၁၆၈၅)ဧက တည်ထောင်စိုက်ပျိုးပြီးစီးသည့် အတွက် ဒေသခံပြည်သူများသို့ အစုအဖွဲ့ပိုင် တည်ထောင်ခွင့်လက်မှတ် ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးယဉ်ထွေးက အမှာစကားပြောကြားပြီး မြို့နယ်သစ်တောဦးစီးဌာနမှူး ဦးချစ်ကိုကိုက "ယခုလိုအစုအဖွဲ့ပိုင် တည်ထောင်ခွင့် လက်မှတ်ပေးအပ် ရခြင်း၏ ရည်ရွယ်ချက်မှာ ၊ သစ်တောများ ပြန်လည်စိမ်းလန်းစိုပြေစေရန်နှင့် ဒေသခံတောင်သူများ လူမှုစီးပွားရေးနှင့် စားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်ပြီး မိမိတို့ဌာနအနေဖြင့် ဆောင်ရွက်ပေးရခြင်း ဖြစ်ကြောင်း" စသည်ဖြင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေးနှင့် မြို့နယ်သစ်တောဦးစီးဌာနမှူး ဦးချစ် ကိုကိုတို့မှ ဒေသခံတောင်သူအစုအဖွဲ့(၃)ဖွဲ့အား အစုအဖွဲ့ပိုင် တည်ထောင်ခွင့်လက်မှတ်များ ပေးအပ်ခဲ့ရာ တာဝန်ရှိသူများမှ လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။
နိုင်လင်း