ပွင့်ဖြူမြို့နယ်တွင် (၈)ခန်းတွဲ (၅)ထပ် နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာ အဆောက်အဦ ဆောက်လုပ်နေမှု ၄၀ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်

ပွင့်ဖြူ စက်တင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများ ဈေးနှုန်းသက်သာစွာဖြင့် ငှားရမ်းနေနိုင်ရေးအတွက် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် အကောင်အထည်ဖော် တည်ဆောက်နေသည့် (၈)ခန်းတွဲ (၅)ထပ် ဝန်ထမ်းအိမ်ရာ အဆောက်အဦမှာ ယခုအခါ ၄၀ ရာခိုင်နှုန်း တည်ဆောက်ပြီးစီး သွားပြီဖြစ်ကြောင်း တင်ဒါစနစ်ဖြင့် တာဝန်ယူတည်ဆောက်နေသည့် မကွေးမြို့၊ ကျော်သာ ဆောက်လုပ်ရေး ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးမောင်အေးထံမှ သိရသည်။

အဆိုပါ အကောင်အထည်ဖော် တည်ဆောက်နေသည့် (၈)ခန်းတွဲ၊ (၅) ထပ် နိုင်ငံ့ဝန်ထမ်းအငှား အိမ်ရာ အဆောက်အဦမှာ အလျား ၉၃ ပေ ၆ လက်မ၊ အနံ ၉၃ ပေ ၆ လက်မ သံကူကွန်ကရစ် အမျိုးအစားဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၉၈၉၀၀၀၀၀၀ ဖြင့် မကွေးမြို့၊ ကျော်သာဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်နေခြင်းဖြစ်ကာ ယခုအခါ (၄၀)ရာခိုင်နှုန်း တည်ဆောက်ပြီးစီး သွားပြီဖြစ်ကြောင်း သိရပြီးဌာနဆိုင်ရာ ဝန်ထမ်းများ စိတ်အေးချမ်းသာစွာ နေထိုင်သွားနိုင်ရေး အတွက် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ကြိုပမ်းတည်ဆောက် သွားမည်ဖြစ်ကြောင်း အဆိုပါ တာဝန်ယူတည်ဆောက် သည့်ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးမောင်အေး က ပြောကြားသည်။

ယနေ့နံနက်ပိုင်းက နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာ တည်ဆောက်နေမှု အခြေအနေအား သတ်မှတ် ကာလအတွင်း အချိန်မီပြီးစီးရန်နှင့် လုပ်ငန်းအရည်အသွေး ပြည့်မီရေးအတွက် မြို့နယ် တည်ဆောက်ရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်နှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ တာဝန်ယူတည်ဆောက် သည့် မကွေးမြို့ ကျော်သာဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာများက နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာ အဆောက်အဦ (၄၀)ရာခိုင်နှုန်း တည်ဆောက်ပြီးစီးမှုအခြေအနေနှင့် သတ်မှတ် ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက်  ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်း တင်ပြခဲ့သည်။

ထို့နောက် မြို့နယ်တည်ဆောက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက နိုင်ငံ့ဝန်ထမ်း အိမ်ရာအဆောက်အဦအား ရေရှည်တည်တံ့ကောင်းမွန်ရေးအတွက် တင်ဒါပါ စည်းကမ်းချက်များနှင့်အညီ လုပ်ငန်းအရည်အသွေး ပြည့်မီရေး ကြိုးပမ်း တည်ဆာက် ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြား ခဲ့ကြောင်း သိရသည်။

ရဲဝင်းနိုင်(ညောင်ဦး)