မိုးနဲမြို့၌ အစားထိုးသီးနှံ ဆောင်းနေကြာမျိုးစေ့ ထောက်ပံ့ပေးအပ်

မိုးနဲ   စက်တင်ဘာ   ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ အစားထိုး သီးနှံအဖြစ် ရေဆင်း (၁) စပ်မျိုး နေကြာမျိုးစေ့ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီ အချိန်က မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံး၌ ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မော်ဦးက အစားထိုးသီးနှံမျိုး‌စေ့ ထောက်ပံ့ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များကို လည်းကောင်း၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့ အကျင့်ကောင်းများနှင့်အညီ နည်းစနစ်မှန်မှန် စိုက်ပျိုးခြင်းဖြင့် တစ်ဧကအထွက်နှုန်း တိုးတက်စေရေး၊ စားသုံးဆီရိက္ခာ လုံလောက်မှုရရှိ နိုင်စေရေး နှင့်ဆီထွက်သီးနှံ နေကြာမျိုးကို အစေ့ထုတ်ပြောင်း ရိတ်သိမ်းပြီးကာလတွင် သီးထပ်စိုက်ပျိုးခြင်းဖြင့် မြေဆီလွှာအတွင်း အဟာရဖွံ့ဖြိုး တိုးတက်လာမည့်အပြင် စားသုံးဆီ လိုအပ်မှုကိုလည်း ဖြည့်တင်း ပေးနိုင်မည်ဖြစ်ကြောင်းစသည်ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အစားထိုးသီးနှံ ရေဆင်း(၁)  စပ်မျိုးနေကြာမျိုးစေ့ထုတ်  သုံးကီလိုပါ တစ်ဧကစာ အထုတ်(၃၀) ကို မိုက်ဟိုင်းကျေးရွာအုပ်စုနှင့် နားခံကျေးရွာအုပ်စုရှိတောင်သူ ၃၀ ဦးကို တစ်ဦးလျှင် တစ်ဧကစာ သုံးကီလို တစ်ထုတ်နှုန်းစီဖြင့် စုစုပေါင်းရေစင်(၁) စပ်မျိုး နေကြာ မျိုးစေ့ ကီလို ၉၀ ကို မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးဇော်မော်ဦးနှင့် တာဝန်ရှိသူများက အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)