လှိုင်သာယာ(အနောက်ပိုင်း) စက်တင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရောဂါကူးစက်ပြန့်ပွားမှုကို လျော့နည်းစေပြီး ထိရောက်စွာ ကုသထိန်းချုပ်နိုင်ရန် ကိုဗစ်၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များကို ယနေ့တွင် ရပ်ကွက်နှင့် ကျေးရွာများအရောက် တိုက်တွန်း နှိုးဆော်ခဲ့သည်။
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ ကျန်းမာရေး၊ မီးသတ်ဦးစီးဌာနနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များက တတ်နိုင်သမျှ မိမိအိမ်တွင်သာနေပါ၊ အပြင်ထွက်တိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို စနစ်တကျ မပျက်မကွက် တပ်ဆင်ပါ၊ အခြားသူများနှင့် ခြောက်ပေအကွာမှ ခပ်ခွာခွာနေပါ၊ လူစုလူဝေးပြုလုပ်ခြင်းကို ရှောင်ကြဉ်ပါ စသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များကို မိဘပြည်သူများအားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။
ဝေလွင်ကျော်