ကျောက်ပန်းတောင်း စက်တင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ယမန်နေ့ ည(၁၀)နာရီခန့်မှစ၍ မိုးသည်း ထန်စွာရွာသွန်းခဲ့ပြီး၊ မြေသားမိုးရေကန်များတွင် ရေဝင်အားကောင်းသဖြင့် ကျေးလက်နေပြည်သူများ အတွက် မိုးလွန်ကာလ ဖြစ်သည့် နွေရာသီအထိ သောက်သုံးရေအဆင်ပြေနိုင်ကြောင်းသိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ယမန်နေ့ည (၁၀)နာရီခန့်မှ စတင်၍ (၂)နာရီကျော်ကြာ မိုးသည်းထန် စွာရွာသွန်းခဲ့ သဖြင့် ကန်များရေပြည်လျှံခဲ့ကြောင်းသိရပြီး၊ ရွာသွန်းခဲ့သည့် မိုးရေချိန်လက်မ(၃ ဒသမ ၃၇)လက်မ ဖြစ်ကြောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှသိရသည်။ မြို့ပေါ်အချို့ရပ်ကွက်များတွင် အိမ်များအထိ ရေဝင်ရောက်ခဲ့ကြကြောင်းသိရသည်။ “ ထိန်ကန်ဘက်ကလာပြီး ဘူတာအုတ်ကန်ကို ဝင်တဲ့ရေက ကန်ရေပြည့်တာထက် ရေဝင်လမ်းမှာ အမှိုက်သရိုက်များပိတ်ဆို့နေတာကြောင့် ရေက ရပ်ကွက်ထဲကို ပြန်လျှံတက်လာပြီး အိမ်တွေထဲအထိ ဝင်ရောက်ကုန်ကြတာပေါ့။ ဘူတာအုတ်ကန်က တော့ ရေကျော်ကျဖို့ကို ၁ ပေလောက်လိုသေးတယ်ဗျ… ရပ်ကွက်ထဲ ပြန်မဝင်ရင်တော့ ရေကျော်ကျ မှာပေါ့…နောက်ပြီး ရေဆိုးမြောင်းတွေကလည်း အမှိုက်သရိုက်တွေ သစ်ပင်တွေနဲ့ပိတ် ဆို့နေတော့ ရေစီးအားမကောင်းနိုင်ဘူးလေ.. ဒီတော့ မြောင်းတွေက လျှံတဲ့ရေတွေကလည်း ဘေးအိမ်တွေကို အကုန်ဝင်တာပေါ့….”ဟု အောင်မင်္ဂလာရပ်ကွက်နေသူ တစ်ဦးကပြောသည်။ အဆိုပါ မိုးရွာသွန်းမှုကြောင့် ကျေးလက်တောရွာများရှိ သောက်သုံးရေကန်များတွင်လည်း ရေဝင်ရောက်မှု ကောင်းသဖြင့် မိုးလွန်ကာလ များဖြစ်သည့် ဆောင်းရာသီနှင့် နွေရာသီကာလများအထိ သောက်သုံးရေလုံလောက်စွာ သုံးစွဲနိုင်ကြမည် ဖြစ်ကြောင်းလည်း သိရသည်။
နေအောင်(ပြန်/ဆက်)