ကျောက်ဆည် စက်တင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ နေ့စဉ်ဝင်ငွေ ရရှိပြီး လူမှုဘဝ အဆင်ပြေစေရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မဲခေါင်-လန်ချမ်းအထူး ရန်ပုံငွေများ ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး (CFW) စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ ယနေ့နံနက်(၁၀)နာရီက ဖိုကုန်းကျေးရွာမှ စီမံကိန်းလုပ်ငန်းများပြီးစီးမှု အခြေအနေများကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းအေးနှင့် တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူများ နေ့စဉ်ဝင်ငွေရရှိစေရေးအတွက် ကျေးရွာစီမံကိန်း ကော်မတီဦးဆောင်မှုဖြင့် ပုံမှန်ဝင်ငွေမရှိသည့် ပြည်သူများ၏ လုပ်အားဖြင့် အကောင်အထည်ဖော် ရွက်လျက်ရှိပြီး ဖိုကုန်းကျေးရွာတွင် ခွင့်ပြုရန်ပုံငွေကျပ်သိန်း (၁၀၀) ဖြင့် အရှည် (၂၀၀၀)ပေ၊ အကျယ် (၁၂)ပေ၊ ထု (၉) လက်မရှိ ကျေးရွာတွင်းလမ်းများ ဂျင်းကျောက်မြေခင်းခြင်းနှင့် အရှည်(၁၅၀၀)ပေ၊ အကျယ် (၁)ပေ၊ အနက်(၁)ပေခွဲရှိ လမ်းဘေးရေနုတ်မြောင်း တူးဖော်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာများတွင် မြို့ပြနှင့်ကျေးလက် ကွာဟမှု မရှိစေရေးအတွက် ကျေးလက်မီးလင်းရေး၊ သောက်သုံး ရေဖူးလုံရေး၊ မြစိမ်းရောင်ကျေးရွာ စီမံကိန်းများ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)