မိုင်းယောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို လျော့နည်းစေပြီး ထိရောက်စွာ ကုသထိန်းချုပ်နိုင်ရန် အသွားအလာကန့်သတ်မှု ပြုလုပ်မည်

မိုင်းယောင်း စက်တင်ဘာ ၁၇

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို လျော့နည်းစေပြီး ထိရောက်စွာ ကုသထိန်းချုပ်နိုင်ရန် မြို့ပေါ်ရပ်ကွက် များကို စက်တင်ဘာ ၁၈ ရက်မှ ၂၈ ရက်အထိ အသွားအလာကန့်သတ်မှုကို ပြုလုပ်သွား မည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

မြို့မိမြို့ဖများ၊ ရပ်ကွက် စီမံအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအဖွဲ့အစည်းများက ယမန်နေ့တွင် တိုင်းလိတည်းခိုခန်းကွင်းပြင်၌ ပြုလုပ်သော ညှိနှိုင်းအစည်းအဝေးမှ အသွားအလာကန့်သတ်မှုကို သဘောတူဆုံးဖြတ်ချက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသဘောတူဆုံးဖြတ်ချက် ရှစ်ချက်မှာ စက်တင်ဘာ ၁၈ ရက်မှ ၂၈ ရက်အထိ မြို့ပေါ်ရပ်ကွက်များကို Lockdown(အသွားအလာကန့်သတ်)ဆောင်ရွက်သွားရန်။ စက်တင်ဘာ ၁၆ ရက်မှ ၁၇ ရက် နှစ်ရက်အား Lockdown ကာလအတွင်း မိမိအိမ်အတွက် လိုအပ်သောရိက္ခာများ၊ ဆေးဝါးများ၊ ဝယ်ယူထားရန် ရပ်ကွက်အလိုက် ဆော်ဩထားရန်။ မြို့တွင်းရှိ မြို့မဈေးဆိုင်၊ အိမ်ဆိုင်များ(အဝတ်အထည်ဆိုင်၊ စားသောက်ဆိုင်၊ ဆေးဝါးဆိုင်၊ ခေါက်ဆွဲဆိုင်၊ လက်ဖက်ရည်ဆိုင်၊ အအေးဆိုင်၊ လမ်းဘေးဟင်းသီးဟင်းရွက်ဆိုင်၊ စားသောက်ကုန်ဆိုင်၊ ကား/ဆိုင်ကယ်များဖြင့် နယ်လှည့်ရောင်းချသည့် ဆိုင်များအပါအဝင်) Lockdown ကာလအတွင်း အားလုံးပိတ်ရန်။ မိမိရပ်ကွက်အလိုက် စည်းကမ်းကြီးကြပ် ထိန်းသိမ်းဆောင်ရွက်ရန်နှင့် ရပ်ကွက်ပြည်သူများ၏ သာရေး/နာရေးလိုအပ်ချက်များ ကူညီဆောင်ရွက်ပေးရန်၊ ရပ်ကွက်အလိုက် စေတနာရှင်များဖြင့် ရပ်ကွက်ကော်မတီများ ဖွဲ့ထားပြီး အမည်၊ ဖုန်းနံပါတ်များကို ရပ်ကွက်ပြည်သူများအား ဖြန့်ဝေပေးထားရန်။ အရေးတကြီး လိုအပ်သောဆေးဝါးများ/ရိက္ခာများဝယ်ယူလိုပါက ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့(သို့)ရပ်ကွက်မှဖွဲ့စည်းထားသော ကူညီဆောင်ရွက်ရေးအဖွဲ့သို့ အကူအညီတောင်းခံ ဝယ်ယူစေရန်။ မြို့နယ်အတွင်းရှိကားများ အခြားမြို့နယ်သို့လည်းကောင်း၊ မြို့နယ်ပြင်ပမှ ကားများအားလည်းကောင်း Lockdown ကာလ ၁၀ ရက်အတွင်း မြို့နယ်အတွင်း ဝင်/ထွက်သွားလာခွင့် မပြုရန်။ ရပ်ကွက်အလိုက် မိမိအိမ်တွင်သာနေထိုင်ရန်၊ အိမ်မလည်ရန်၊ အိမ်ပြင်ပသို့မထွက်ရန်၊ ကျန်းမာရေးကိစ္စနှင့် အခြားအရေးတကြီးကိစ္စများကြောင့် မဖြစ်မနေ ထွက်ရန်ရှိပါက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့(သို့) ရပ်ကွက်ကော်မတီသို့ အသိပေးအကြောင်းကြား ခွင့်ပြုချက်ဖြင့်သွားလာရန်။ ရပ်ကွက်အလိုက် ကြပ်မတ်ထိန်းသိမ်း ရာတွင် အခက်အခဲများ၊ လိုအပ်ချက်များရှိပါက ဌာနအဖွဲ့အစည်းများ၊ လုံခြုံရေးအဖွဲ့အစည်း များမှ ကူညီဖြည့်ဆည်းပေးရန်တို့ဖြစ်ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)