မိုင်းတုံ စက်တင်ဘာ ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ယမန်နေ့ညနေ(၃)နာရီခွဲက တြိဂံတိုင်းဒေသစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းမှမြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်သည့်ဝန်ထမ်းများနှင့်Volunteerများအတွက် အားဖြည့်အစားအစာများ ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ တြိဂံတိုင်းဒေသစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်မျိုးမင်းထွန်းက မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ပတ်သတ်၍အဖွင့်အမှာစကားပြောကြားပြီး ဝန်ထမ်းများနှင့် Volunteer စုစုပေါင်း(၁၂၅)ဦးအတွက် တစ်ဦးလျှင် ခေါက်ဆွဲခြောက်(၁၅)ထုပ်၊ ဆီ(၁)ဘူး၊ ငါးသေတ္တာ(၁) ကဒ်တို့ကို ပေးအပ်ရာ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေးဥက္ကဋ္ဌ ဦးလွင်မိုးက လက်ခံ ရယူခဲ့သည်။
ဆက်လက်၍ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်နှင့် တာဝန်ရှိသူတို့က အားဖြည့်အစားအစာများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ကြရာ မိုင်းတုံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမြင့်ထွန်းနှင့် တာဝန်ရှိသူတို့က လက်ခံရယူခဲ့ကြောင်းသိရသည်။
ဝင်းဝင်းခိုင် (မိုင်းတုံ၊ ပြန်/ဆက်)