မကွေး စက်တင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး Coronavirus Disease 2019 (COVID-19)ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၃၀/၂၀၂၁)ကို ယမန်နေ့ နံနက် ၉ နာရီက မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ မကွေတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်၍ လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က ပြည်သူလူထု၏ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်မှုများကြောင့် ပိုးတွေ့မှုရာခိုင်နှုန်း ကျဆင်းလာတာကို တွေ့ရကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးလုပ်ငန်းများ ဆောင်ရွက်ရာမှာ လျင်မြန်စွာ ပြီးမြောက်အောင် ဆောင်ရွက်ပေးဖို့နဲ့ ပြည်သူများ အနေဖြင့် အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်ရေး ဆောင်ရွက်ကြဖို့၊ အောက်စီဂျင်စက် ရောက်ရှိမှုအနေနဲ့ မနေ့က ၁၅ ရက်နေ့မှာ ပခုက္ကူ ရောက်ပါတယ်၊ ဒီနေ့ ၁၆ ရက်နေ့မှာ အောင်လံနဲ့ စေတုတ္တရာ ရောက်ပါတယ်၊ ၁၈ ရက်နေ့မှာ ငဖဲ၊ ၂၀ ရက်နေ့မှာ ထီးလင်း၊ ကျောက်ထုနဲ့ မြိုင်တို့ကို ဆက်တိုက် ရောက်ရှိမှာ ဖြစ်ပါတယ်၊ ခရိုင်/မြို့နယ်များမှာ အောက်ဆီဂျင်စက်များ ရောက်ရှိပါက အမြန်ဆုံးလည်ပတ်နိုင်ရေး၊ အောက်ဆီဂျင် လိုအပ်ချက်အား အမြန်ဆုံးဖြည့်ဆည်းပေးနိုင်ရေး ကြိုတင်စီမံ ဆောင်ရွက်ထားဖို့ လိုအပ်ကြောင်း၊ သက်ဆိုင်ရာမြို့နယ်များ အနေဖြင့် ကာကွယ်ဆေး ထိုးနှံရမည့်အုပ်စုများ အလိုက်ကျန်ရှိမှု မရှိစေရေး အလေးထား ဆောင်ရွက်ပေးကြဖို့နဲ့ တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှုကို စိတ်ချရသည့် ရာခိုင်နှုန်းအောက် လျော့ကျသွားစေရေး လက်ရှိ လုပ်ကိုင်နေသည့် လုပ်ငန်းများကို လက်မလျော့ဘဲ ဆက်လက်ပြီး အားသွန်ခွန်စိုက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်ပြီး သက်ဆိုင်ရာ ခရိုင်များအလိုက် တာဝန်ပေးအပ်ထားသည့် ကော်မတီဝင်များ၊ မကွေးတပ်နယ်မှူးနှင့် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးမှူးတို့က ခရိုင်/မြို့နယ်များတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှု အခြေအနေများ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် နေ့စဉ်လုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြပြီး၊ မကွေးလေတပ်စခန်း ဌာနချုပ်၊ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်းက သက်ဆိုင်ရာ တာဝန်ရှိသူများ ဆွေးနွေးတင်ပြခဲ့မှုများနှင့် စပ်လျဉ်း၍ လိုအပ်ချက်များအား ဖြည့်စွက် ရှင်းလင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုလျော့ချရေး လုပ်ငန်းစဉ်များ ဆက်လက်ပြီး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် မှာကြားဆောင်ရွက် ခဲ့ကြောင်း သိရသည်။
မောင်ညီညာ(မကွေး)