မိုင်းယန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုမရှိစေရေး ရှမ်း၊ မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်

မိုင်းယန်း       စက်တင်ဘာ   ၁၇

ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေး ပြည်သူများ လိုက်နာဆောင်ရွက်သင့်သည့် ညွှန်ကြားချက်များ၊ ထုတ်ပြန်ချက်များ သိရှိလိုက်နာဆောင်ရွက်နိုင်ရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုမရှိစေရေး ရှမ်း၊ မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းကို ယနေ့နံနက် ၇ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးနှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် တတ်နိုင်သမျှ အိမ်တွင်း၌သာ နေထိုင်ပါ၊ နေအိမ်ပြင်ပသို့ သွားရောက်ရန်ရှိပါက ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို မဖြစ်မနေ စနစ်တကျတပ်ဆင်ရန်၊ လက်ကိုစက္ကန့်(၂၀)ကြာ မကြာခဏ ဆေးကြောပါ၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်လုပ်ကိုင်ပါ၊ မိမိတို့နေအိမ်တွင် အသက်(၆၅)နှစ်နှင့်အထက် အသယ်အရွယ်ကြီးရင့်သူ ဆီးချို၊ သွေးချို၊ နှလုံးစသည့် နာတာရှည်ရောဂါတစ်ခုခု ခံစားနေရသူရှိပါက ထိုသူအား ပါးစပ်နှင့် နှာခေါင်းစည်းကို တပ်ဆင်ထားစေရန်၊ နေအိမ်ရှိပြတင်းပေါက်များအား လေဝင်လေထွက်ကောင်းအောင် ဖွင့်ထားရန်၊ Covid-၁၉ ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းတို့ကို အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန်၊ ပြင်ပဧည့်သည်များအား အိမ်တွင်လက်မခံရန်၊ အသွားအလာတားမြစ် ပိတ်ပင်၍ သီးသန့်ခွဲခြား နေထိုင်စေခြင်း(Quarantine)လုပ်ငန်းစဉ်များတွင် အပြည့်အဝပူးပေါင်း ပါဝင်ရန်၊ ကာကွယ်ဆေး ထိုးနှံပြီးသော်လည်း ကာကွယ်ရေးနည်းလမ်းများကို ဆက်လက်လိုက်နာပါ၊ သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများ အလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ထုတ်ပြန်ထားသော လုပ်ငန်းလမ်းညွှန်ချက်များ နှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်ပါ စသည့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို ပြည်သူများသိရှိလိုက်နာပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် Hand Speaker ဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြောင်းသိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)