ပေါင်းတည် စက်တင်ဘာ ၁၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများပြား လာသဖြင့် ရောဂါကာကွယ်ထိန်းချုပ် နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်မှုများအား ကျယ်ကျယ်ပြန့်ပြန့် လိုက်လံဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက မြို့အတွင်းရှိ ရပ်ကွက်များနှင့် လမ်းဆုံလမ်းခွတို့တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများမှ လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။ နှိုးဆော်ချက် များတွင် လက်ရှိအခြေအနေတွင် အရေးကြီးဆုံးမှာ အတတ်နိုင်ဆုံးမဖြစ်မနေ အိမ်တွင်း၌သာ နေထိုင်ကြရန်၊ သို့မှသာ ရောဂါကွင်းဆက်ပြတ်တောက်ပြီး ကူးစက်မှုကို ထိထိ ရောက်ရောက် ကာကွယ်နိုင်မှာဖြစ်ပါတယ်၊ မိမိတို့အိမ်တွင် ပြင်ပမှလာသော ဧည့်သည်များ လက်မခံပါရန် နှင့် ထို့အတူမိမိ တို့ကလည်း အခြားသူများထံ သွားရောက်ခြင်းမပြုကြရန်၊ မဖြစ်မနေ အရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်ပါ၊ အခြားသူများနှင့်အနည်းဆုံး ၆ ပေအကွာမှ ခပ်ခွာခွာနေပါ၊ Mask မတပ်သူ များနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းများမှ ရှောင်ကြဉ်ကြပါရန်၊ လူစုလူဝေး ပြုလုပ်ခြင်း၊ သွားလာခြင်းကို ရှောင်ကြပါ၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် စနစ်တကျဆေးပါ၊ လက်ကို မကြာခဏ ဆေးကြောကြပါ၊ လက်ကိုဆေးကြောခြင်းမပြုဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စေ့ တို့ကို ပွတ်သတ်ခြင်း၊ ကိုင်တွယ်ခြင်းနှင့် ထိတွေ့ခြင်း မပြုလုပ်ကြရန်၊ လေဝင်လေထွက် မကောင်းသော အခန်းများကို ရှောင်ပါ၊ မိမိတို့နေအိမ်များကို ပြူတင်းတံခါးများ ဖွင့်ပြီး လေဝင်လေထွက်ရှိအောင် လုပ်ကြပါရန် စသည့်အချက်များနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ထုတ်ပြန်ကြေညာထားရှိသည့် ညွှန်ကြားချက်များအား ပြည်သူများ သိရှိ လိုက်နာဆောင်ရွက်နိုင်ရေး အသိပညာပေးနှိုးဆော်ခဲ့ကြကြောင်း သိရှိရသည်။
ချစ်နှင်းသုန်