စက်မှုဇုန်ရှိဝန်ထမ်း (၂၁၆၆) ဦးအား ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေး

ရန်ကုန်    စက်တင်ဘာ   ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန်(၁)နှင့်(၂)ရှိ စက်ရုံများမှ ဝန်ထမ်းများအား ယမန်နေ့  နံနက် ၉နာရီအချိန်မှစတင်၍ အဆိုပါ   စက်မှုဇုန်အတွင်းရှိ စက်ရုံများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံခြင်းကို ကျန်းမာရေးဝန်ထမ်းများက အုပ်စု(၆)ခု ခွဲ၍ ကျန်းမာရေး  လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခဲ့ကြသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရန် လာရောက်သူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးမြင့်ဦး၏ လမ်းညွှန်မှု၊ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ မြတ်မြတ်နှင်း၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ သက်ဆိုင်ရာ   တာဝန်ရှိသူများနှင့်ပရဟိတ အသင်းအဖွဲ့များပူးပေါင်း၍ ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက်ပေးပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိ သူများက စက်ရုံဝန်ထမ်း(၂၁၆၆)ဦးအား   ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြသည်။

ရွှေပြည်သာမြို့နယ်တွင် ယမန်ရက်နေ့အထိ (ဒုတိယအကြိမ်) ကာကွယ်ဆေးထိုးနှံပြီးသူ အသက် ၆၅နှစ်နှင့်အထက် ဘိုးဘွား(၃၁၁၂)ဦး၊ ကျန်းမာရေး ဝန်ထမ်း(၅၆)ဦး၊ စေတနာ့ဝန်ထမ်း (၅၆၆)ဦး၊ သံဃာတော်၊ သီလရှင်(၆၇၂)ပါး၊ နိုင်ငံ့ဝန်ထမ်း(၇၀၃)ဦး၊ နိုင်ငံ့ဝန်ထမ်းမိသားစု(၃၈၆)ဦး၊ ပုဂ္ဂလိကဘဏ် ဝန်ထမ်း (၇၆)ဦး၊ ဟိုတယ်၊တည်းခိုခန်း(၄၉)ဦး၊အကျဉ်းသား/သူ(၅)ဦး၊ပို့ဆောင်ရေး(၇၈)ဦးဖြစ်၍ ကာကွယ်ဆေးထိုးနှံပြီးသူ ပေါင်း(၅၇၀၃)ဦးရှိပြီ ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ထံမှ  သိရသည်။

အေးမိုး