ပြည်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေး

ပြည် စက်တင်ဘာ ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက ယနေ့မွန်းလွဲ ၂နာရီတွင် ပြည်မြို့နယ်မီးသတ်ဦးစီးဌာနရုံး၌ ဝန်ထမ်းမိသားစုဝင် ၂၆ ဦးအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်များ နေ့ချင်းပြီးကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်မြို့နယ်တွင် ယင်းစီမံချက်အား ယခုနှစ် မေ ၃ရက်က စတင်ကွင်းဆင်း‌ ဆောင်ရွက်လျက်ရှိကြောင်းနှင့် "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကို ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ကာလအတွင်း မြို့ပေါ်ရပ်ကွက်(၁၄)ခုနှင့်ကျေးရွာအုပ်စု(၅၅) အုပ်စု၊ စုစုပေါင်း (၆၉)အုပ်စုရှိ လူဦးရေ (၅၆၀၅)ဦးအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ဆောင်ရွက်ပေးရန်လျာထားပြီး လက်ရှိအခြေအနေတွင် (၉၁၂)ဦး ဆောင်ရွက်‌ပေးခဲ့ပြီးဖြစ်ကြောင်း မြို့နယ်လဝကဦးစီးမှူး ဦးဇော်နိုင်သန်းက ပြောသည်။

ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ရာတွင် အိမ်ထောင်စုလူဦးရေ စာရင်းမရှိ‌သေးသည့် အိမ်ထောင်စုများအား သတ်မှတ်ချက်များနှင့်အညီ ပြုလုပ်ပေးခြင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်မရှိသေးသည့်  အသက် ၁၆ နှစ်နှင့် ၁၈ နှစ်အကြားရှိသူများနှင့် အသက် ၁၈ နှစ်နှင့်အထက် ရှိသူများအား နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးကြောင်း သိရပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော နိုင်ငံသူနိုင်ငံသားအားလုံး နိုင်ငံသားအခွင့်အရေးနှင့် လူမှုဘဝ ပြည့်စုံမှုရှိစေရေးအတွက် နိုင်ငံသားတိုင်း ကိုင်ဆောင်ရရှိထားသင့်သည့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များကို သတ်မှတ်ချက်များနှင့် ကိုက်ညီသူများထံ လက်ဝယ် အရောက် ပြုလုပ်ဆောင်ရွက်ပေးနိုင်ရန် ပန်းခင်းစီမံချက်ဖြင့် ယခုနှစ် မေ ၃ ရက်မှ ၂၀၂၂ခုနှစ် အောက်တိုဘာလအထိ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနဝန်ထမ်းများက ပြည်သူများထံအ‌ရောက်‌ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက် ပေးမည်ဖြစ်ကြောင်း သိရသည်။

ကိုဆက်