သနပ်ပင်မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး

သနပ်ပင် စက်တင်ဘာ ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၌ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီး ဌာနက နိုင်ငံတော် စီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိသည့် ပန်းခင်းစီမံချက်အနေဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က စက်ကုန်းပိုင်းရပ်ကွက်ရှိ အနောမာရုံကွင်းကျောင်းတိုက်၌ ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးရာတွင် လက်ရှိဇာတိတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများအား လည်းကောင်း၊ လက်ရှိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေ စာရင်းမရှိ ကိုင်ဆောင် လက်မှတ်မရှိသူများအားလည်းကောင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသ တွင် အိမ်ထောင်စု လူဦးရေစာရင်းရှိသော်လည်း လက်ရှိဒေသတွင် ကိုင်ဆောင်လက်မှတ် မရှိသူများအားလည်းကောင်း၊ ရွှေ့ပြောင်း နေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင် လက်မှတ်မရှိ၊ လက်ရှိရောက်ရှိရာ‌ နေရာဒေသတွင်လည်း အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူများအားလည်းကောင်း ဆောင်ရွက်ပေးခြင်း ဖြစ်ပြီး မေလမှစတင်၍ သနပ်ပင်မြို့နယ်ရှိ ရပ်ကွက်/ ကျေးရွာ (၆၆)အုပ်စုမှ အိမ်ထောင်စု (၅၆၂)အုပ်စုနှင့် လူဦးရေ (၇၃၃)ဦးအား နိုင်ငံသားစိစစ် ရေးကတ်ပြားများ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ထိုသို့ ဆောင်ရွက်လျက်ရှိသည့် စက်ကုန်းပိုင်း ရပ်ကွက်ရှိ အနောမာရုံကွင်း ကျောင်းတိုက်သို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထက်နှင့် အဖွဲ့ဝင်များက နိုင်ငံသား စိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှုအား သွားရောက်ကြည့်ရှုကာ အသက် ၁၀ နှစ်အထက် ၁၈ နှစ် ပြည့်ပြီးသူ (၁၀၀)ဦး အား နိုင်ငံသားစိစစ်ရေးကတ်များကို ပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ပြီး လူဝင်မှုကြီးရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဝန်ထမ်းများက “လူမှုဘဝ ပြည့်စုံဖို့ နိုင်ငံသားကတ်ကို ကိုင်ကြစို့” “ပန်းခင်းစီမံချက်” အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)