ထန်းတပင်(ပဲခူး) စက်တင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ဒုတိယအသုတ် ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ် သီရိမင်္ဂလာခန်းမတွင် စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် တစ်ကြိမ်တစ်ခါမှ မထိုးနှံရသေးသည့် အသက်(၅၅)နှစ်မှ (၆၄)နှစ်အတွင်း ရှိသူများ၊ မသန်စွမ်းသူများ၊ နာတာရှည်နှင့် မကူးစက်နိုင်သော ရောဂါရှိသူများ အပါအဝင် သတ်မှတ်ဦးစားပေး အုပ်စုအလိုက် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ပထမအကြိမ် ဆေးထိုးနှံပေးခြင်းကို မြို့နယ်သီရိမင်္ဂလာခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမြင့်နှင့် အဖွဲ့ဝင်များ၊ ကာကွယ် ဆေးထိုးကြီးကြပ် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့သည်။
ထန်းတပင်မြို့နယ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာ ယနေ့တွင် အသက်(၅၅)နှစ်မှ (၆၄)နှစ်အတွင်းရှိသူဦးရေ (၆၂၅)ဦးအား ဆေးထိုးစုရပ်နေရာ(၃)နေရာ၌ ကာကွယ်ဆေးထိုးနှံခြင်းကို ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ပေးပြီး ဆေးထိုးခြင်းမပြုမီ လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ဆေးမထိုးရအုပ်စု မှန်/မမှန် စိစစ်ပြီး ကာကွယ်ဆေးထိုးပြီးလျှင် ဆေးနှင့်ဓာတ်မတည့်ခြင်းနှင့် ဘေးထွက် ဆိုးကျိုးလက္ခဏာများ တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ချက်ချင်းအရေးပေါ် တုံ့ပြန်နိုင်ရန်အတွက် ကျန်းမာရေးဝန်ထမ်းများက ပြောကြားခဲ့ပြီး ဆေးထိုးပြီးသူများအား မိနစ်(၂၀)ကြာ စောင့်ကြပ်ကြည့်ရှု ပေးခဲ့ကြောင်း သိရသည်။
သဇင်