ဖောင်းပြင် စက်တင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ဩဂုတ်လ ၁ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းပြီး ချောင်းရေမြင့်တက်ကာ ရေတိုက်စားမှုကြောင့် နန်းမခွင်ချောင်းနှင့် ခြင်္သေ့ချောင်း တစ်လျှောက်တို့၌ တံတား(၁၀)စင်းပျက်စီးသွားခဲ့ရာ နန်းမခွင်ချောင်းရှိ ရွှေညောင်ပင်- ကုန်းအောက်တောင်းကျေးရွာချင်း ဆက်တံတား အရှည်(၄၈၀)ပေ၊ အကျယ်(၁၂ပေ)မှာ အရှည်ပေ(၁၆၄)ခန့် မျှောပါပျက်စီးခဲ့ပြီး ယင်းတံ တားအား စုပေါင်းလှူဒါန်းမှုဖြင့် ယနေ့က စတင်၍ ပြန်လည်ပြုပြင်တည်ဆောက်ခဲ့ရာ ယခုအခါ ဖြတ်သန်း သွားလာနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ တံတားကို အသုံးပြုသွားလာနေကြသည့် ကျေးရွာပေါင်း ၅၀ ကျော်မှအလှူရှင်များ၊ မြို့နယ်အတွင်း အလှူရှင်များ၏ ထည့်ဝင်လှူဒါန်းငွေ စုစုပေါင်း သိန်း(၅၀)ကျော်ဖြင့် တည်ဆောက်ခဲ့ရာ ခံနိုင်ဝန် ၃ တန်ဝန်းကျင်အထိ ရှိကြောင်း တံတားဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ၊ ရွှေပုဂံကျောင်းတိုက်ဆရာတော် ဦးဇဝန ထံမှ သိရသည်။
ယင်းတံတားကို ကျေးရွာပေါင်း(၅၀)ကျော်က အသုံးပြုနေရပြီး ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးနှင့် တောင်သူများ၏ လယ်ယာထွက်သီးနှံများ ဈေးကွက်သို့ပို့ဆောင်ရသည့် ပင်မတံတားဖြစ်ကြောင်း ဒေသခံများ ထံမှ သိရသည်။
ကိုထွန်း(ဖောင်းပြင်)