ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တတိယအသုတ် ပထမအကြိမ် ထိုးနှံပေး

ကျောက်မြောင်း စက်တင်ဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့တွင် တရုတ်နိုင်ငံထုတ် (Sinopharm) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို တတိယအသုတ် ပထမအကြိမ်အဖြစ် ကျောက်မြောင်းမြို့ (အ.ထ.က) ကျောင်းတွင် ယနေ့ နံနက် ၉ နာရီအချိန်မှ စတင်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဌာနဆိုင်ရာ မိသားစုဝင်များ၊ ဆရာတော်သံဃာတော်များ၊ အသက်(၆၅)နှစ်ထက် သက်ကြီးဘိုးဘွားများနှင့် ပြည်သူများအား ထိုးနှံပေးလျက်ရှိ​ပြီး ​ဆေးမထိုးမှီ ကျန်းမာရေး ဝန်ထမ်းများမှ သွေးပေါင်ချိန်ခြင်း၊ အပူချိန်တိုင်းပေးခြင်းများ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးသည် (ပထမ)အကြိမ် ထိုးနှံသူများအတွက် ဆေး(၁)လုံးလျှင် (၂)ယောက်နှုန်း ထိုးနှံနိုင်ပြီး (ဒုတိယ)အကြိမ် ထိုးနှံသူများအတွက် ဆေး(၁)လုံးလျှင် (၅)ယောက်နှုန်း ထိုးနှံနိုင်ကြောင်း သိရသည်။

ကျောက်မြောင်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ပထမအသုတ်(ပထမ)အကြိမ် လူ(၁၈၅)ဦး  ဆေးလုံးရေ(၉၃)လုံး၊ ပထမအသုတ်(ဒုတိယ)အကြိမ် လူ(၁၅၅)ဦး ဆေးလုံးရေ​(၃၁)လုံး၊ ဒုတိယအသုတ် (ပထမ)အကြိမ် လူ(၂၀၀)ဦး ဆေးလုံးရေ(၁၀၀)လုံး၊ ဒုတိယအသုတ် (ဒုတိယ)အ​ကြိမ် လူ(၁၉၀)ဦး ဆေးလုံးရေ(၃၈)လုံး ထိုးနှံ​ပေးခဲ့ပြီးယခုအခါ တတိယအသုတ် (ပထမ)အကြိမ်အဖြစ် လူဦးရေ(၂၉၀)ဦးအတွက် ဆေးလုံးရေ(၁၄၅)လုံး ထိုးနှံပေးခဲ့​ပြီး ​ဆေးထိုးရန် ကျန်ရှိနေသူများကိုလည်း သတ်မှတ်ရက်များတွင် ဆတ်လက်၍ ထိုးနှံ​​ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံသည့် နေရာတွင် မြို့အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာ့ဝန်ထမ်းများမှ ပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သီဟာနု(ပြန်/ဆက်)