ငပုတော စက်တင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အတွင်းရှိ ကျောင်းတိုက်အသီးသီးတွင် ဝါဆို၊ ဝါကပ် သီတင်းသုံးနေထိုင်တော်မူကြသော ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်များအပါအဝင် စုစုပေါင်း ၁၀၃၆ ပါးအား တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အလှူရှင်ပြည်သူများ၏ စုပေါင်းလှူဒါန်းမှုဖြင့် ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ ဆား စသည့် လှူဖွယ်ပစ္စည်းများ ကပ်လှူဒါန်းခြင်း အခမ်းအနားကို စက်တင်ဘာလ ၁၅ ရက်နေ့ ညနေ ၃ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားအား နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီးနောက် ဝေဠုဝန်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝဏ္ဏသာမိထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ဆက်လက်၍ အခမ်းအနားသို့ ကြွရောက်တော် မူလာကြသော ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈယ် ချီးမြှင့်တော်မူသည်။ ထို့နောက် ဆရာတော်အရှင်သူမြတ်များထံသို့ မြို့နယ်စီမံအုပ်ချုပ်ရေးမှူး ဦးကျော်သူနှင့် အဖွဲ့ဝင်များက ဝတ္တုငွေနှင့် ဆန်၊ ဆီ၊ ဆား၊ ပဲများ ဆက်ကပ်လှူ ဒါန်းပြီး ဝေဠုဝန်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝဏ္ဏသာမိထံမှ အနုမောဒနာတရားနာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။
ငပုတောမြို့နယ်အတွင်းရှိ ကျောင်းတိုက် ၃၄၀ တိုက်တွင် ဝါဆို၊ ဝါကပ်တော်မှုကြသော ဆရာ တော်၊ သံဃာတော်များနှင့် သီလရှင်များ အပါအဝင် စုစုပေါင်း ၁၀၃၆ ပါးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အလှူရှင်ပြည်သူများ၏ စုပေါင်းလှူဒါန်းမှုမှာ ဆွမ်းဆန်တော် ၁၇၃ အိတ်၊ ဆီ ၅၁၈ ပိဿာ၊ ဆား ၂၅၀ ပိဿာနှင့် ပဲ ၅၀၀ ပိဿာ ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှသိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)