သာယာဝတီ စက်တင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ အသက် ၅၅ နှစ်မှ ၆၄ နှစ်အတွင်းရှိသူများ၊ မသန်စွမ်းများ၊ နာတာရှည် ရောဂါအခံရှိသူများ၊ EAO များနှင့် ဦးစားပေး ဦးတည်အုပ်စုများ၌ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ပထမအကြိမ် ဆေးထိုးနှံပေးခြင်းကို ဆေးထိုးစုရပ်များ ဖြစ်သည့် အ.လ.က(ကွက်သစ်)၊ သမ္မာဆန္ဒဓမ္မာရုံနှင့် ဘိုးဘွားများ အောက်မေ့ဖွယ်ခန်းမတို့တွင် ယနေ့ နံနက်ပိုင်းက စတင်၍ ဆေးထိုးနှံပေးလျက်ရှိရာ သာယာဝတီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးကြည်မျိုးလွင်နှင့်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်အောင်တို့က လိုက်လံကြည့်ရှု အားပေးခဲ့သည်။
ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်အတွင်းရှိ အသက် ၅၅ နှစ်မှ ၆၄ နှစ် အတွင်းရှိ သူများအား ဆေးထိုးစုရပ်နေရာ နေရာများ၌ ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက တစ်ပြိုင်တည်း ဆောင်ရွက်ပေးသည်။ ကာကွယ်ဆေး ထိုးနှံပေးခြင်း မပြုမီ ကျန်းမာရေး ဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း ၊ သွေးအတွင်း အောက်ဆီဂျင် ပါဝင်မှုပမာဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ကာ ပုံမှန်အနေအထားရှိမှသာ ထိုးနှံပေးရန် ဆောင်ရွက်မည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
သန့်ဇော်