ကဝ စက်တင်တာ ၁၆
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် မြို့နယ် ဦးစီးမှူး ဦးနေလင်းနှင့် ဝန်ထမ်းများသည် "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကို ကိုင်ကြစို့" အမည်ဖြင့် မြေစိုက်ပိုစတာ စိုက်ထူခြင်းကို ယမန်နေ့နံနက် (၉)နာရီတွင် ကဝမြို့ အမှတ် (၄)ရပ်ကွက် ပဲခူးလမ်းနဘေးတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြေစိုက်ပိုစတာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ပန်းခင်းစီမံချက်ဖြစ်သည့် ပြည်သူအားလုံး အိမ်ထောင်စု လူဦးရေ စာရင်းနှင့် ဥပဒေအရ ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ရရှိကိုင်ဆောင်နိုင်ရေးအတွက် မြို့နယ် လ.ဝ.က ရုံးများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ရေး နှိုးဆော်ချက်များ ပါဝင်သည်။
ထို့အပြင် ပြည်သူများ သိသင့်သိထိုက်သော ပန်းခင်းစီမံချက်ပါ လုပ်ငန်း(၄)ရပ်၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ အိမ်ထောင်စု လူဦးရေစာရင်း လျှောက်ထားရာတွင် လိုအပ်သည့်အထောက်အထားများ၊ လိုက်နာရမည့် အချက်များ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ လျှောက်ထားရာတွင် ပါရှိရမည့် စာရွက်စာတမ်းနှင့် လိုအပ်ချက်များ ၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားကိုင်ဆောင်သူ လိုက်နာရမည့်အချက်များ ပါဝင်သော လက်ကမ်းစာစောင် များကို ပြည်သူသို့ အသိပညာပေး ဖြန့်ဝေခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကဝမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မိုး ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစည်သူအောင်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ဦးစီးမှူး ဦးနေလင်းနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်