သနပ်ပင် စက်တင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးခြင်းကို ယနေ့နံနက် ၁၀နာရီ အချိန်က မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှုး ဦးတင်ဌေးနှင့် ဝန်ထမ်းများက ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ် ၁၉ စည်းကမ်းချက်များနှင့်အညီ စက်ကုန်းပိုင်း ရပ်ကွက် အနောမာရုံ ကွင်းကျောင်းတိုက်၌ ဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးရာတွင် လက်ရှိဇာတိ၌ အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက် ပေးခြင်း၊ လက်ရှိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းမရှိ ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ဆောင်ရွက်ပေးပြီး သတ်မှတ်နည်းလမ်း များဖြင့် ဆောင်ရွက် ပေးခဲ့ခြင်း ဖြစ်ပြီး သနပ်ပင်မြို့နယ်အနေဖြင့် ရပ်ကွက်/ ကျေးရွာ (၆၆)အုပ်စုရှိပြီး မေလမှစတင်၍ အိမ်ထောင်စု (၅၆၂) အုပ်စု၊ လူဦးရေ (၇၃၃) ဦးအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပြီးစီးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်လင်းထက်နှင့် အဖွဲ့ဝင်များက စက်ကုန်းပိုင်းရပ်ကွက်ရှိ အသက် ၁၀ နှစ်အထက် ၁၈နှစ်ပြည့်ပြီးသူ လူဦးရေ (၁၀၀) ဦးအား နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးနေမှုအား သွားရောက်ကြည့်ရှုကာ နိုင်ငံသားစိစစ်ရေး ကတ်များကို ပြည်သူများ လက်ဝယ်အရောက်ပေးအပ်ပြီး လူဝင်မှုကြီးရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဝန်ထမ်းများက “လူမှုဘဝပြည့်စုံဖို့ နိုင်ကံသားကတ်ကိုင်ကြစို့” အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
လှမိုး