ပထမအကြိမ် ကိုဗစ်-၁၉ကာကွယ်ဆေးထိုးပြီးသူများအား ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး

ရေဦး စက်တင်ဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်တွင် ပထမအကြိမ် ကာကွယ်ဆေးထိုးပြီး ဒုတိယအကြိမ် ဆေးထိုးရန်ကျန်ရှိနေသူ အသက် ၁၈ နှစ်မှအသက် ၆၅ နှစ်အထက် ဒေသခံ ရဟန်းသံဃာနှင့် ပြည်သူများအား ဒုတိယအကြိမ်ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရွှေနဒီဦးခန်းမတွင် ထိုးနှံပေး လျက်ရှိသည်။

ကာကွယ်‌ဆေး ထိုးနှံပေးရာတွင် လူစုလူဝေးမဖြစ်စေရန်နှင့် ကျန်းမာရေး၀န်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီ စီစဉ်ဆောင်ရွက်ထားကြောင်း၊ ကျန်းမာရေးဌာန၊ ရပ်ကွက်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ အထွေ‌ထွေ အုပ်ချုပ်ရေး ဦးစီးဌာန၀န်ထမ်းများမှ ကာကွယ်‌ဆေး ထိုးလာသူများ စာရင်းဖြည့်သွင်းခြင်း၊ handgel ဖြင့် လက်ဆေးစေခြင်း၊ ကိုယ်အပူချိန် တိုင်းတာပြီးမှ ဆေးထိုးရန်နေရာသို့ ၀င်ရောက်စေခြင်း၊ လိုအပ်ပါက သွေးပေါင်ချိန်ပေးခြင်းနှင့် အောက်ဆီဂျင် တိုင်းတာပေးခြင်းများ ဆောင်ရွက်ပေးသည်။

ရေဦးမြို့နယ်အနေဖြင့် ယနေ့ထိုးနှံပေးမည့်သူ ၆၅၀ ဦး အပါအ၀င် ကာကွယ်ဆေး နှစ်ကြိမ်အပြည့် ထိုးနှံပေးပြီးမှု ၅၅၀၀ ဦး ရှိသွားပြီဖြစ်ကြောင်း၊ ကာကွယ်ဆေး အမျိုးအစားအနေဖြင့် ယခင် ကိုဗစ်ရှိးဆေးဖြင့် ထိုးနှံပြီးသူ ၄၂၀၀ ဦးနှင့် ယခုစီနိုဖမ်းဆေးဖြင့် ၅၅၀၀ ဦး စုစုပေါင်း ဆေးထိုးပြီးသူ ၉၇၀၀ ဦးဖြစ်ကြောင်း ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေး ကော်မတီ၀င် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန တာ၀န်ရှိသူ တစ်ဦး ကပြောကြားခဲ့သည်။

မြို့နယ်(ပြန်/ဆက်)