ကျောက်ကြီးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လှည့်လည်နှိုးဆော်မှုများဆောင်ရွက်

ကျောက်ကြီး စက်တင်ဘာ  ၁၆

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ယနေ့နံနက်(၁၀)နာရီ အချိန်တွင် အောင်သုခရပ်ကွက်တို့၌ အသိပညာပေး နှိုးဆော်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မိဘပြည်သူများအနေဖြင့် လက်ရှိအခြေအနေတွင် အတတ်နိုင်ဆုံး မဖြစ်မနေ အိမ်တွင်း၌သာ နေထိုင်ကြပါရန်၊ သို့မှာသာ ရောဂါကွင်းဆက် ပြတ်တောက်ပြီး ကူးစက်မှုကို ထိထိရောက်ရောက် ကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့အိမ်တွင် ပြင်ပမှလာသော ဧည့်သည်များ လက်မခံ ပါရန်နှင့် ထို့အတူ မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်းမပြုကြရန်၊ မဖြစ်မနေ အရေးကြီးကိစ္စကြောင့်အပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask ) ကို စနစ်တကျတပ်ဆင်ရန်၊ အခြားသူများနှင့် အနည်းဆုံး ၆ ပေအကွာမှ ခပ်ခွါခွါနေရန်။

Mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းများမှရှောင်ကြဉ်ရန်၊ လူစုလူဝေး ပြုလုပ်ခြင်း၊ သွားလာခြင်းကို ရှောင် ကြဉ်ရန်၊ တစ်ခုခုကိုကိုင်တွယ်ထိတွေ့ပြီးတိုင်းလက်ကိုဆပ်ပြာဖြင့်အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် စနစ်တကျ ဆေးကြောရန်၊ လက်ကို မကြာခဏ ဆေးကြောရန်၊ လက်ကိုဆေးကြောခြင်းမပြုဘဲ ပါးစပ်၊ နှာခေါင်းနှင့်မျက်စေ့တို့ကို ပွတ်သပ်ခြင်း၊ ကိုင်တွယ်ခြင်းနှင့် ထိတွေ့ခြင်း များ မပြုလုပ်ကြရန်၊ လေဝင်လေထွက်မကောင်း သောအခန်းများကို ရှောင်ရန်၊ မိမိတို့နေအိမ်များကို ပြတင်းတံခါးများ ဖွင့်ထားပြီး လေဝင် လေထွက် ရှိအောင်လုပ်ရန်၊ အပြင်ထွက်ရာ မပြန်လာတိုင်းဖြစ်စေ၊ အများတကာနှင့်တွေ့ဆုံပြီးတိုင်း ဖြစ်စေပါးစပ်နှင့် နှာခေါင်းစည်း Maskများကို အိမ်အပြင်တွင်  စွန့်ပစ်ပါ။

အပြင်က ပြန်လာပြီးတိုင်း အဝတ်အစားမလဲမီ ကိုယ်လက်သန့်စင်ခြင်း မပြုလုပ်ရသေးမီ အိမ်သားများနှင့် အနီးကပ် မထိတွေ့ကြရန်နှင့် သက်ကြီးရွယ်အိုများနှင့် ဆီးချို၊ နှလုံးသွေးတိုးရောဂါအခံရှိသူများ ရောဂါကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာ ခံစားရပြီး သက်အန္တရာယ် ထိခိုက်နိုင်ပါသည်။  

သို့ဖြစ်ပါ၍ မိမိတို့၌ ရောဂါပိုးကူးစက်ခံနေရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှု ခံယူကြပါရန် ကိုဗစ်ရောဂါကူးစက်ပြန့်ပွါးမှုကို အမြန်ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူများ အားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းနှိုးဆော်ခြင်း၊ Maskတပ်ဆင် အသုံးပြုရာတွင် လိုက်နာရမည့် အချက်များကို အသိပညာပေး နှိုးဆော်ခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များအပေါ် NUG/PDF တို့၏ အကြမ်းဖက်နှောက်ယှက်မှုများအား ပြည်သူသို့အသိပေးချက်ကို စကောကရင် တိုင်းရင်းသား ဘာသာစကားဖြင့် အသံဖိုင်ဖွင့်လှစ်ပေးခြင်းစသည့် အသိပညာပေးနှိုးဆော်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။