တောင်ငူ စက်တင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၌ ပထမအကြိမ် ဆေးထိုးနှံပေးခြင်းကို ဆေးထိုးစုရပ်များဖြစ်သည့် အ.ထ.က (၁)၊ ကေတုရတနာခန်းမနှင့် ကေတုမတီမြို့သစ်တို့တွင် ယနေ့ နံနက်ပိုင်းက ဆေးထိုးအုပ်စုများဖြစ်သည့် အသက် ၅၅ နှစ် မှ ၆၄ နှစ် အုပ်စုအတွင်းရှိသူများ၊ မသန်စွမ်းများ၊ နာတာရှည် ရောဂါအခံရှိသူများ ၊ EAO များနှင့် ဦးစားပေး ဦးတည်အုပ်စုများ၌ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ယနေ့ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် တောင်ငူမြို့နယ်အတွင်းရှိ အသက် ၅၅ နှစ်မှ ၆၄ နှစ်အတွင်းရှိသူ ဦးရေ (၉၀) ဦးအား ဆေးထိုးစုရပ်နေရာ နေရာများ၌ ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက တစ်ပြိုင်တည်း ဆောင်ရွက်ပေးသည်။
ကာကွယ်ဆေးထိုးနှံပေးခြင်းမပြုမီ ကျန်းမာရေး ဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာခြင်း ၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း ၊ သွေးအတွင်း အောက်ဆီဂျင် ပါဝင်မှုပမာဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ကာ ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ပြီး အဆိုပါ ကာကွယ်ဆေး ထိုးနှံခြင်းတွင် လူဦးရေ ၁၅၀၀ ဦးအား ထိုးနှံပေးရန် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေး ဒုတိယအသုတ်အဖြစ် ထိုးနှံခြင်းကို စက်တင်ဘာလ ၁၅ ရက်နေ့မှ စတင်ဆောင်ရွက်ခြင်းဖြစ်ပြီး လာရောက်ထိုးနှံသူ ၁၅၀၀ ဦးခန့်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
ဇော်ထက်