ကြံခင်း စက်တင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နယ်တွင် အသက်(၆၄)နှစ်မှ အသက်(၅၅)နှစ်အတွင်းရှိ ရဟန်း၊ သံဃာ၊ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (ပထမ)အကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက် (၈)နာရီအချိန်က ကြံခင်းမြို့ မုတ်ထုတ်ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံစုရပ်တွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကြံခင်းမြို့ပေါ်ရပ်ကွက်(၃)ခုရှိ အသက်(၆၄)နှစ်မှ အသက်(၅၅)နှစ်အတွင်းရှိ ရဟန်း၊ သံဃာ၊ ပြည်သူစုစုပေါင်း (၈၈)ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (ပထမ)အကြိမ် ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်းနှင့် ယခုကာကွယ်ဆေးထိုးနှံပြီးသော အသက်(၆၄)နှစ်မှ (၅၅)နှစ်အတွင်းရှိ ရဟန်း၊ သံဃာ၊ ပြည်သူများကို (၁၄-၁၀-၂၀၂၁)ရက်နေ့တွင် (ဒုတိယ)အကြိမ် ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အဆင့်ဌာနဆိုင်ရာ ကြီးကြပ်တာဝန်ရှိသူ ထံမှ သိရသည်။
အဆိုပါ ကာကွယ်ဆေး ထိုးနှံစုရပ်တွင် စိစစ်ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ကျ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲနှင့် သက်ဆိုင်ရာကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး ကာကွယ်ဆေးမထိုးမှီ အပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ဆေးထိုးပြီးပါက ဓာတ်မတည့်ခြင်း၊ ဘေးထွက်ဆိုးကျိုးလက္ခဏာများ ဖြစ်ပေါ်လျှင် ချက်ချင်းကုသပေးနိုင်ရေးအတွက် ကြည့်ရှု့စောင့်ကြပ်ဆောင်ရွက်ပေးကြကြောင်း သိရသည်။
ကြံခင်းမြို့နယ်အတွင်း ရပ်ကွက်/ ကျေးရွာအုပ်စု(၃၅)အုပ်စုရှိရာ ဆေးထိုးစုရပ် အသီးသီးတွင်လည်း အသက်(၆၄)နှစ်မှ (၅၅)နှစ်အတွင်းရှိရဟန်း၊ သံဃာ၊ ပြည်သူများအား ကာကွယ်ဆေး (ပထမ)အကြိမ် ထိုးနှံပေးသွားမှာဖြစ်ကြောင်း စိစစ်ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူထံမှ သိရသည်။