ငပုတော စက်တင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အတွင်းရှိ ကျောင်းတိုက်အသီးသီးတွင် ဝါဆို၊ ဝါကပ် သီတင်းသုံး နေထိုင်တော်မူကြသော ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်များအပါအဝင် စုစုပေါင်း ၁၀၃၆ ပါးအား တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အလှူရှင် ပြည်သူများ၏ စုပေါင်းလှူဒါန်းမှုဖြင့် ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ ဆားစသည့် လှူဖွယ်ပစ္စည်းများ ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့ညနေ ၃နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားအား နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီးနောက် ဝေဠုဝန်ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တဝဏ္ဏသာမိထံမှ ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ဆက်လက်၍ အခမ်းအနားသို့ ကြွရောက်တော်မူလာကြသော ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈယ် ချီးမြှင့်တော်မူသည်။ ထို့နောက် ဆရာတော်အရှင်သူမြတ်များထံသို့ မြို့နယ်စီမံအုပ်ချုပ်ရေးမှူး ဦးကျော်သူနှင့်အဖွဲ့ဝင်များက ဝတ္တုငွေနှင့် ဆန်၊ ဆီ၊ ဆား၊ ပဲများ ဆက်ကပ်လှူဒါန်းပြီး ဝေဠုဝန်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝဏ္ဏသာမိထံမှ အနုမောဒနာတရားနာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှ ပေးဝေခဲ့သည်။
ငပုတောမြို့နယ်အတွင်းရှိ ကျောင်းတိုက်၃၄၀တိုက်တွင် ဝါဆို၊ ဝါကပ်တော်မူကြသော ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်များ အပါအဝင် စုစုပေါင်း ၁၀၃၆ ပါးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့အဆင့်ဌာနဆိုင်ရာများ၊ အလှူရှင်ပြည်သူများ၏စုပေါင်းလှူဒါန်းမှုမှာ ဆွမ်းဆန်တော်၁၇၃အိတ်၊ ဆီ၅၁၈ပိဿာ၊ ဆား၂၅၀ပိဿာနှင့် ပဲ၅၀၀ပိဿာဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
လှမင်းထွဋ်