ပေါက်ခေါင်းမြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP) ကျေးရွာရှစ်ရွာအား ရန်ပုံငွေများ ထုတ်ချေး

ပေါက်ခေါင်း   ဩဂုတ်   ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသော ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP) ကျေးရွာ များအား ရန်ပုံငွေများထုတ်ချေးခြင်းကို ယမန်နေ့နှင့် ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ ရသည်။

ထိုသို့ထုတ်ချေးပေးရာတွင် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းကျေးရွာ များဖြစ်သော လယ်တီကျေးရွာနှင့် အုတ်ပုံ‌ ကျေးရွာ တို့အတွက် တစ်ရွာလျှင် ကျပ်သိန်း(၃၀၀)စီကိုယမန်နေ့က လည်းကောင်း၊ ယနေ့ဩဂုတ်လ ၁၄ ရက်နေ့တွင် နွားမျောကျေးရွာသို့ ရန်ပုံငွေကျပ်သိန်း (၃၀၀)နှင့် ရေဦးကျေးရွာကို ရန်ပုံငွေ ကျပ်သိန်း(၂၀၀)ကို ပေါက်ခေါင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်နီနီဒွန်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်မင်းဇော်နှင့် တာဝန်ရှိသူ များက ကျေးရွာအရောက် အဆိုပါရန်ပုံငွေများကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။

ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် နိုင်ငံတော်မှ ချမှတ်ထားသော ကိုဗစ်-၁၉ ကာလ အတွင်း စီးပွားရေးကုစားမှုအစီအစဉ်အရ ကျေးရွာမတည် ရန်ပုံငွေ(VRFP)စီမံကိန်းကို ကျေးရွာ(၈)ရွာ တွင် အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)