မင်းလှ စက်တင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသည့် အသက်(၅၅)နှစ်မှ အသက်(၆၄)နှစ်အထိ ဒေသခံပြည်သူများအား မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနရုံးတွင် ယမန်နေ့က စတင်၍ ဒုတိယအသုတ် (ပထမအကြိမ်) စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ဆရာဝန်ကြီး ဒေါက်တာလှဝင်း၏ဦးဆောင်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနစာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံပေးမည့်သူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခြင်း၊ စနစ်တကျမှတ်ပုံတင် ဆောင်ရွက်ခြင်းများပြုလုပ်ပြီး နံနက် ၉ နာရီမှနေ့လည် ၂ နာရီခွဲအချိန်ထိ အသက်(၅၅)နှစ်မှ (၆၄)နှစ်အတွင်းရှိ ပြည်သူ(၁၉၀)ဦးတို့အား ပထမအကြိမ်အဖြစ် ထိုးနှံပေးခဲ့ကြောင်း၊ နောက်ထပ်(၂၈)ရက်အကြာ၌ ဒုတိယအကြိမ် ကာကွယ်ဆေး ထပ်မံထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ကိုဗစ်ကာကွယ်ဆေး ဒုတိယအသုတ်(ပထမ)အကြိမ် ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ရက်နေ့မှစတင်၍ ကာကွယ်ဆေးထိုး စုရပ်အသီးသီးတွင် အသက်(၅၅)နှစ်မှ (၆၄)နှစ်အထိ၊ မသန်စွမ်းများ၊နာတာရှည်ရောဂါရှိသူများ စသည့်ဆေးမထိုးရသေးသည့်သူများအား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ယခုထိုးနှံပေးသောဆေးမှာ ဆေးတစ်လုံးကိုလူ(၅)ဦး ထိုးနှံပေးသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinophram) အမျိုးအစားဖြစ်ပြီး၊ ဆေးလုံးရေ (၆၇၀)လုံးရရှိထား၍ လူဦးရေ (၃၃၅၀)ဦးထိ ထိုးနှံပေးနိုင်မည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
ပေါက်စ