ကြို့ပင်ကောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအသုတ် ပထမအကြိမ်ထိုးနှံပေး

ကြို့ပင်ကောက် စက်တင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် အသက်(၅၅)နှစ်မှ (၆၄)နှစ်အကြား အသက်အရွယ်ကြီးသူများ၊ နာတာရှည်ရောဂါ ခံစားနေရသူများ၊ သံဃာတော်များအား စက်တင်ဘာလ ၁၅ ရက်နေ့မှစတင်ပြီး မဟာလောကသီရိဘုရားကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် သံဃာတော်များ၊ နာတာရှည်ရောဂါ ခံစားနေရသူများ၊ အသက်(၅၅)နှစ်မှ (၆၄)နှစ်အကြား အသက်အရွယ်ကြီးသူများ၊ မသန်စွမ်းသူများ၊ ယခင်ကအကြောင်း အမျိုးမျိုးကြောင်း ဆေးထိုးရန် ကျန်ရှိခဲ့သူများအား မဟာလောကသီရိဘုရားကြီးနှင့် နွယ်ခွေရပ်ကွက် ဗားကရာဘုန်းတော်ကြီး ကျောင်းတို့တွင် စုရပ်နှစ်နေရာ၌ ယမန်နေ့က (၅၀)ဦး စတင်ထိုးနှံပေးခဲ့ကြောင်းနှင့် ယနေ့ စက်တင်ဘာလ (၁၆)ရက်နေ့တွင်လည်း ဆေးအလုံးရေ(၂၀၀) လူဦးရေ တစ်ထောင်စာ ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှသိရသည်။

နောက်ရက်များတွင်လည်း အလယ်ကုန်းကျေးရွာ၊ ကြခတ္တန်းကြီးကျေးရွာ၊ လှေတုန်းကျေးရွာ၊ ခွန်နှစ်ရွာ ကျေးရွာ၊ လယ်တီကျေးရွာ၊ တောင်ရိုးကွင်းကျေးရွာ၊ ရှားပင်ထကျေးရွာ၊ မြို့လယ်ချောင်းကျေးရွာနှင့် နွယ်ခွေရပ်ကွက် ဗားကရာဘုန်းတော်ကြီးကျောင်း တို့တွင် ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်များကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်၍ ဒေသခံများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ လာရောက်ထိုးနှံနိုင်ကြောင်း သိရသည်။

ဇေယျာထွန်း