ကျိုက်မရောမြို့နယ်တွင် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေးပေး

ကျိုက်မရော စက်တင်ဘာ ၁၆

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲမှ ၂၀၂၀ မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေများအား အကျေပေးဆပ်ပြီးသည့် တောင်သူများအား ၂၀၂၁ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို ဆက်လက်ထုတ်ချေး ပေးလျက်ရှိရာ ယနေ့အထိ ကျေးရွာအုပ်စု (၂၉)အုပ်စုမှ တောင်သူ ၉၇၂ ဦးတို့အား မိုးစပါးဧက(၆၀၄၁)ဧကအတွက် တစ်ဧကလျှင် တစ်သိန်းငါးသောင်း ကျပ်နှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၉၀၆၁၅၀၀၀၀)ကျပ်အား ထုတ်ချေးပေးခဲ့ပြီးဖြစ်ရာ ထုတ်ချေးပြီးစီးမှု ရာခိုင်နှုန်းမှာ(၅၈.၄၅) ရာခိုင်နှုန်းရှိပြီး ဖြစ်ကြောင်း သိရသည်။

ကျိုက်မရော မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲအနေဖြင့် ၂၀၂၁ ခု မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေ ထုတ်ချေးရန် လျာထားချက်မှာ ငွေကျပ်(၁၅၅၀၂၅၀၀၀၀)ကျပ်အား ၂၀၂၀ခုနှစ် မိုးရာသီချေးငွေများ အကျေပေးဆပ်ပြီးသည့် တောင်သူများအား ပြန်လည်ထုတ်ချေး ပေးနိုင်ရေးအတွက် လျာထားခဲ့ကြောင်း သိရသည်။

ချေးငွေများ ထုတ်ချေးပေးရာတွင် ကိုဗစ်−၁၉ရောဂါ ကာလအတွင်း ကျန်းမာရေး ဝန်ကြီးဌာမှ သတ်မှတ် ထားသော စည်းကမ်းချက်များနှင့်အညီ တောင်သူ တစ်ဦးချင်းစီအား စနစ်တကျ ထုတ်ချေးပေး လျက်ရှိသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲအနေဖြင့် ချေးငွေများထုတ်ချေးရာတွင် ကြွေးဟောင်းဆပ်၊
ကြွေးသစ်ချေးစနစ်ချမှတ်ကာ ငွေချေးယူမည့် တောင်သူများအား ဆက်လက်ထုတ်ပေးသွားမည် ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲမန်နေဂျာ ဒေါ်သီတာထွန်းထံမှ သိရသည်။

ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)