ပခုက္ကူမြို့၌ အောက်ဆီဂျင်စက်နှင့် ဆက်စပ်ပစ္စည်းများရောက်ရှိ

ပခုက္ကူ စက်တင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ အောက်ဆီဂျင် အရေးပေါ်လိုအပ်မှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက် ပခုက္ကူမြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၊ သံယာဆေးရုံရှေ့ အောက်ဆီဂျင်စက်ရုံထားရှိရေး တည်ဆောက်သည့် မြေနေရာတွင် အောက်ဆီဂျင်စက်နှင့် ဆက်စပ်ပစ္စည်းများ ယနေ့ နံနက် ၈နာရီအချိန်က ရောက်ရှိသည်။

အဆိုပါ အောက်ဆီဂျင်စက်မှာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းထောက်ပံ့ခြင်းဖြစ်ပြီး တစ်နာရီလျှင် ၄၀ လီတာ ၁၀လုံးထွက်ရှိမည်ဟု ခန့်မှန်းထားကြောင်း၊ စက်ရုံအတွက် လျှပ်စစ်ပိုင်းအနေဖြင့်  200KVA ထရန်စဖော်မာအသုံးပြု သွားမည်ဖြစ်ကြောင်း၊ စက်ပစ္စည်းများ နေရာချထားရေးအတွက် အောက်ဆီဂျင် စက်ရုံတည်ဆောက်ရေး ကော်မတီက ဆောင်ရွက်လျက်ရှိကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာကျော်နိုင်ဝင်းက ပြောသည်။

အောက်ဆီဂျင်စက်နှင့် ဆက်စပ်ပစ္စည်းများ ရောက်ရှိလာမှုအား ပခုက္ကူခရိုင်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးစန်းလှိုင်နှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုကာ မကြာမီ ရက်ပိုင်းအတွင်း စတင်ထုတ်လုပ် လည်ပတ်နိုင်ရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက် ပေးလျက်ရှိပြီး စက်ရုံရာနှုန်းပြည့် တည်ဆောက် တပ်ဆင်ပြီးစီးပါက ပခုက္ကူမြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၌ တက်ရောက်ဆေးကုသမှု ခံယူကြသည့် လူနာများနှင့်မြို့နယ် အတွင်းရှိ ပြည်သူများ၏ အောက်ဆီဂျင်လိုအပ်ချက်များကို အချိန်မီဖြည့်ဆည်း ပေးနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

ဆလိုင်းကိုကီး(ပြန်/ဆက်)