ရန်ကုန် စက်တင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်နေ ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ကြက်ခြေနီအသင်း(အင်းစိန်)မှ တာဝန်ရှိသူများက ရှေးဦးပြုစုနည်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို အကူအညီလို အပ်သော ပြည်သူများထံ အိမ်အရောက် သွားရောက်၍ ဆောင်ရွက်ပေးလျက်ရှိသည်။
အင်းစိန်မြို့နယ်၌ ယမန်နေ့က အောက်ဆီဂျင် လိုအပ်နေသော ပြည်သူများအား (၁၀)လီတာ (၂)အိုးနှင့် (၁၅)လီတာ(၃)အိုး စုစုပေါင်း(၅)အိုးကို ကူညီ ဆောင်ရွက်ပေးခဲ့ရာ လိုအပ်လျှင် ဆေးရုံသို့ ပို့ဆောင်ခြင်းလုပ်ငန်များ ဆောင်ရွက်ခဲ့ပြီး အင်းစိန်မြို့နယ်၊ တောင်သူကုန်းရပ်ကွက်အတွင်းရှိ နေအိမ်တစ်အိမ်မှ အမျိုးသားတစ်ဦး အောက်ဆီဂျင် ကျနေသောကြောင့် အကူအညီ တောင်းခံလာ သဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးနိုင်ရန်အတွက် ကြက်ခြေနီအသင်း(အင်းစိန်)၊ ဥက္ကဋ္ဌ ဦးစည်သူဇော်၊ တပ်ဖွဲ့မှူး ဦးနီထွန်း၊ စေတနာ့ လုပ်အားရှင်များနှင့် တာဝန်ရှိသူများက လူနာတင်ယာဉ် ကားဖြင့် အချိန်နှင့်တစ်ပြေးညီ သွားရောက်၍ ကျန်းမာရေး လိုအပ်ချက်များကို ကူညီဆောင်ရွက်ခဲ့ပြီး အင်းစိန်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။
ထို့အပြင် ကြက်ခြေနီအသင်း(အင်းစိန်) အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီနှင့် အတူ ပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိပြီး ပင်စင်ထုတ်ရက်များ တွင်လည်း အင်းစိန်မြို့နယ်၊ မြန်မာ့စီးပွားရေး ဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူသူ သက်ကြီးဘိုးဘွားများကို ကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို