သာစည် စက်တင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ကျန်းမာရေးမကောင်းသဖြင့် မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် လာရောက်ပြသသူများအား RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ ယမန်နေ့က ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၈ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ဆေးရုံမှဆင်းခွင့်ရရှိသူ ၉ ဦးရှိကြောင်းနှင့် ၁ ဦးသေဆုံးကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
ကိုဗစ်-၁၉ အတည်ပြု လူနာသစ်များမှာ အမှတ် (၁) ရပ်ကွက်မှ အမျိုးသမီးတစ်ဦး၊ ဉာဏ်ကန်ကျေးရွာမှ အမျိုးသားတစ်ဦး၊ ကပ်ကြေးအင်းကျေးရွာအုပ်၊ ဝန်ထမ်းအိမ်ရာမှ အမျိုးသမီးတစ်ဦးနှင့် ကလေးတစ်ဦး၊ ဘိုကုန်းကျေးရွာမှ အမျိုးသမီးနှစ်ဦး၊ ကုက္ကိုစုကျေးရွာမှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့တွင် ပိုးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ပိုးတွေ့ရှိသူ လူနာများအား မြို့နယ်ပြည်သူ့ဆေးရုံကြီး Positive ကုသဆောင်နှင့်အမှတ်(၄) ကျောင်းကြီးရပ်ကွက်ရှိ အထက(၁) Positive ကုသဆောင်တို့တွင် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူမှာ စက်တင်ဘာလ ၁၄ ရက်က ပိုးတွေ့ရှိခဲ့သော သူကောင်းကုန်း ကျေးရွာအုပ်စု၊ မင်းကံကုန်းကျေးရွာမှ အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး သာစည်မြို့နယ် ပြည်သူ့ဆေးရုံကြီး Positive ကုသဆောင်တွင် တက်ရောက်ကုသခဲ့ရာမှ သေဆုံးခဲ့ခြင်း ဖြစ်သည်။
သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ယနေ့ ၈ ဦး ထပ်မံတွေ့ရှိခဲ့ရာ ပိုးတွေ့ရှိသူပေါင်း ၈၈၀ ဦး၊ ကျန်းမာရေးကောင်းမွန်ပြီး သတ်မှတ်ရက်ပြည့်၍ ဆင်းခွင့်ရရှိသူ ၉ ဦးရှိရာ ဆင်းခွင့်ရရှိသူပေါင်း ၇၈၆ ဦး၊ ဆေးကုသမှု ခံယူနေသူ ၅၁ ဦးနှင့် သေဆုံးသူ ၄၃ ဦးထိ ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)