ရေနံချောင်း စက်တင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်တွင် စက်တင်ဘာ ၁၁ ရက်နေ့က လေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ် ၄၄ လုံး ထိခိုက်ပျက်စီးပြီး အဆိုပါလေဘေးသင့် အိမ်ထောင်စုများအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနဧည့်ခန့်မ၌ ပြုလုပ်ခဲ့သည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးကျော်မျိုးတို့က လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်၊ပြိုကျပျက်စီးခဲ့သည့် လူနေအိမ်ခြေ ၄၄ လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ ၁၄၈၀၀၀၀ ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ လေဘေးသင့်အိမ်ထောင်စု ၄၄ စုမှ လေဘေးသင့်ပြည်သူ ၁၉၅ ဦးအတွက် တစ်ပတ်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ ၄၀၉၅၀၀ ကျပ် စုစုပေါင်းထောက်ပံ့ငွေ ၁၈၈၉၅၀၀ ကျပ်ကို လေဘေးသင့် ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)