ညောင်လေးပင် စက်တင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်အတွင်းရှိ အသက် ၅၅ နှစ်မှ အသက် ၆၄ နှစ်အတွင်းရှိ ပြည်သူများ၊ မသန်စွမ်းသူများနှင့် ကိုဗစ်ကာကွယ်ဆေးထိုးသင့်သော နာတာရှည်ရောဂါသည်များအား ပထမအကြိမ်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ယမန်နေ့ညနေ ၃ နာရီကစတင်၍ ညောင်လေးပင်မြို့ စက်ရုံလမ်းရှိ အထက(ခွဲ) ကျောင်း၌ စတင်ထိုးနှံပေးကြောင်း သိရသည်။
ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြို့နိုင်နှင့်အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစန်းယုန်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာစောကလျာ တို့၏ စီစဉ်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများမှ ထိုးနှံပေးကြခြင်းဖြစ်ပြီး ကာကွယ်ဆေးစတင်ရရှိသည့် နေ့ချင်းပင် စတင်ထိုးနှံပေးခြင်းဖြစ်သည်။
ဆက်လက်၍ စက်တင်ဘာ ၁၆ ရက်နေ့တွင် ညောင်လေးပင်၊ ပြွန်တန်ဆာ၊ ပိန်းဇလုပ် နှင့် မဒေါက် မြို့များ၌လည်း တပြိုင်တည်းထိုးနှံပေးသွားမည်ဖြစ်ပြီး ယခုပထမအကြိမ်တွင် ညောင်လေးပင်မြို့နယ်အတွင်း ကနဦးစာရင်းအရ အသက် ၅၅ နှစ်မှ ၆၄ နှစ်အတွင်းရှိ ပြည်သူ ၃၃၇၀ ဦး၊ မသန်စွမ်းပြည်သူ ၁၃၁၇ ဦး၊ ကိုဗစ်ကာကွယ်ဆေးထိုးသင့်သော နာတာရှည်ရောဂါရှိ ပြည်သူ ၁၇၈ ဦးတို့အား ထိုးနှံပေးမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။ ကျန်ရှိပြည်သူများကိုလည်း သက်မှတ်ရက်ပြီးသွားပါက ကျေးရွာများအထိ ကွင်းဆင်းကာ သက်မှတ်အုပ်စုဝင် ပြည်သူများအား ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။