ပွင့်ဖြူ စက်တင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူများကို ယနေ့ နံနက်ပိုင်းကစတင်ပြီး ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဒေသခံပြည်သူများ အဆင်ပြေစွာ ထိုးနှံနိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၊ လယ်ကိုင်းကျေးရွာ (အ.ထ.က)ကျောင်း၊ ကုန်းဇောင်းကျေးရွာ (အ.ထ.က)ကျောင်း၊ မဲဇလီကျေးရွာ (အ.ထ.က)ကျောင်းတို့တွင် ဆေးထိုးစုရပ်(၄) နေရာခွဲကာ ကျန်းမာရေး ဝန်ထမ်းများက သတ်မှတ် စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထိုးနှံဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ထို့အပြင် ကာကွယ်ဆေး လာရောက်ထိုးနှံသူများ စိတ်အေးချမ်းသာစွာ ထိုးနှံနိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်း (Volunteer) အဖွဲ့ဝင်များက လိုအပ်သည်များကို ဝိုင်းဝန်းကူညီဆောင်ရွက် ပေးနေကြောင်း သိရသည်။
ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် တာဝန်ရှိသူများက ပြည်သူများ ကိုဗစ်ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံနေမှုများကို လိုက်လံကြည့်ရှုအားပေးပြီး ပြည်သူများအား တွေ့ဆုံကာ ကိုဗစ်-၁၉ရောဂါ အန္တရာယ်ကင်းဝေးစေရေးအတွက် ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံရမည့် အချိန်တွင် မပျက်မကွက် လာရောက်ထိုးနှံကြရန် ဆွေးနွေးပြောကြား ခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင်(ညောင်ဦး)