တောင်တွင်းကြီး စက်တင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူများအား ပထမအကြိမ်ထပ်မံထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက စတင်ကာ တောင်တွင်းကြီးမြို့ သာသနာ့ဗိမာန်ခန်းမ၊ ဆတ်သွား(အ.ထ.က)၊ ပရပ်ကြယ် (အ.ထ.က)၊ ကုက္ကိုကုန်း တိုက်နယ်ဆေးရုံ၊ ကိုးပင်တိုက်နယ်ဆေးရုံတို့တွင် ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ အစိုးရ၊ ပုဂ္ဂလိကကျန်းမာရေး ဝန်ထမ်းများ၊ Volunteer ပရဟိတများ၊ ဘိုးဘွားရိပ်သာရှိ အဘိုး၊ အဘွားနှင့် ဝန်ထမ်းများ၊ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်း၊ ဘာသာရေး ကျောင်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်း၊ စက်ရုံ၊ အလုပ်ရုံ ဝန်ထမ်းများ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းဝန်ထမ်းများ၊ အကျဉ်းသား၊ အချုပ်သားများ၊ မြို့နယ်စည်ပင်သာယာရေး ဈေးဝန်ထမ်းများ၊ ဈေးရောင်းချသူများနှင့် မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများရှိ ပြည်သူများအား ဩဂုတ်လ(၂၉)ရက်နေ့မှ စက်တင်ဘာလ(၆)ရက်နေ့ထိ ဆေးထိုးစုရပ် အသီးသီးတို့၌ (၆၀၉၂)ဦးကို ထိုနှံပေးခဲ့ပြီး ယခုအခါသည် နောက်တစ်ကြိမ် အနေဖြင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသေးသူများအား ထိုးနှံပေးခြင်းဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ရောဂါကာကွယ်ရေး ဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမရှိစေရေး စီစဉ်ဆောင်ရွက်ထားကာ အမည်စာရင်းကောက်ယူခြင်း၊ ကျန်မာရေးဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာခြင်း၊ လိုအပ်သည့်ဆေးစစ် ဆေးမှုများပြုလုပ်ကာ ထိုးနှံပေးခြင်း ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)