အထက်မင်းလှ စက်တင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့တွင် အသက် ၅၅ နှစ်အထက်ရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမနေ့စတင် ထိုးနှံပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မင်းလှမြို့ ရုံးရပ်တောင်ရပ်ကွက် ဦးကင်းဘုရားဓမ္မာရုံ၌ ထိုးနှံပေးလျက်ရှိရာ လူဦးရေ ၂၈၅ ဦး ထိုးနှံခဲ့ကြောင်း သိရသည်။
မင်းလှမြို့နယ်၌ ကာကွယ်ဆေးထိုးနှံပေးရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအတိုင်း စနစ်တကျထိုးနှံပေး လျက်ရှိပြီး ဆေးထိုး နေရာများ၌ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ ပရဟိတ အဖွဲ့များက ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိသည်။
အဆိုပါကာကွယ်ဆေး ထိုးနှံပေးနေသည့် စုရပ်များသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များအား ကူညီဆောင်ရွက်ပေးလျက်ရှိ သည်။
မင်းလှမြို့နယ်၌ ယခုထိုးနှံပေးသည့် ကိုဗစ်-၁၉ကာကွယ်ဆေးအလုံးရေ ၁၆၂၀ လုံး ရရှိထားကာ ဆေးတစ်လုံးလျှင် လူငါးဦးထိုးနှံပေးနိုင်ပြီး လူဦးရေ ၈၁၀၀ ဦးအား ထိုးနှံပေးသွား မည်ဖြစ်ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)