ကသာမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်အဖြစ် ထိုးနှံရာတွင် (၄၂၉၅)ဦးအထိ ထိုးနှံပေးပြီးဖြစ်

ကသာ စက်တင်ဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်တွင် စက်တင်ဘာလ(၄)ရက်နေ့မှစ၍ မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ ဆရာတော်၊ သံဃာတော်များ၊ သီလရှင်များနှင့် ပြည်သူများအား ကသာမြို့ရှိ မြို့တော်ခန်းမ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်အဖြစ် စတင်ထိုးနှံပေးခဲ့ရာ စက်တင်ဘာလ(၁၄)ရက်နေ့တွင် စုစုပေါင်းလူဦးရေ(၄၂၉၅)ဦးအထိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း ကသာ ပြည်သူ့ဆေးရုံမှ ခရိုင်ဆရာဝန်ကြီးထံမှ သိရသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)ကို ကသာမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ ဆရာတော်၊ သံဃာတော်များ၊ သီလရှင်များနှင့် ပြည်သူများအား ဩဂုတ်လ အတွင်း၌ ပထမအကြိမ် ထိုးနှံပေးခဲ့ပြီး ယနေ့အထိ အဆိုပါ ဆရာတော်၊ သံဃာတော်များ၊ သီလရှင်များနှင့် ပြည်သူများအား ဒုတိယအကြိမ်အဖြစ် ဆက်လက်ထိုးနှံ ပေးလျက်ရှိရာ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများမှ ဆရာတော်၊ သံဃာတေ်များ၊ သီလရှင်များ၊ အသက်(၆၅)နှစ်ထက် ဘိုးဘွားများနှင့် အသက်(၁၈)နှစ်အထက်ရှိသည့် ပြည်သူများက ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ လာရောက်ထိုးနှံ လျက်ရှိသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံသူများကိုလည်း လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှု များနှင့် ကူညီဆောင်ရွက်ရေး လုပ်ငန်းများကိုလည်း မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်း အဖွဲ့များ ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့မှ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ နှင့်အတူ ပူးပေါင်း ဆောင်ရွက် လျက်ရှိကြောင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံရာတွင် ကသာခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကသာပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်နှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ဒုတိယအကြိမ် ထိုးနှံရန်ကျန်ရှိနေသော ဆရာတော်၊ သံဃာတော်များ၊ သီလရှင်များနှင့် ပြည်သူများကိုလည်း စက်တင်ဘာလအတွင်း ဆက်လက်ထိုးနှံပေး သွားမည်ဖြစ်ကြောင်း  သိရသည်။

ခရိုင်(ပြန်/ဆက်)