ငဖဲ စက်တင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးမှ အသိပညာပေး အစီအစဉ်များကို အွန်လိုင်းမှတစ်ဆင့် ရိုက်ကူးထုတ်လွှင့် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့အသိပညာပေး တင်ဆက်ဆောင်ရွက်ရာတွင် မြို့နယ်အတွင်းရှိ ကျောင်းနေအရွယ် ကလေးများနှင့် စာပေချစ်သူစာဖတ်ပရိသတ် လူငယ်များအတွက် ဉာဏ်ရည်ဉာဏ်သွေး ဖွံ့ဖြိုးတိုးတက်ရေး၊ အသိပညာ ဗဟုသုတတိုးပွားရေး၊ ကိုယ်ရည်ကိုယ်သွေး ထက်မြက်စေရေး တို့အတွက် ပုံပြင်ပြောခြင်း၊ အရုပ်ခေါက်ခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စာအုပ်မိတ်ဆက်ခြင်း၊ အယ်ဒီတာ့အာဘော် ကောက်နုတ်တင်ဆက်ခြင်း စသည့် အသိပညာပေး အစီအစဉ်များကို ရိုက်ကူး၍ ငဖဲမြို့နယ်ပြည်သူ့စာကြည့်တိုက် Facebook Page မှ ထုတ်လွှင့် တင်ဆက် ပေးလျက်ရှိသည်။
ထို့ပြင် ကိုဗစ်-၁၉ရောဂါ တားဆီးကာကွယ်ရေး၊ လူကုန်ကူးမှုအန္တရာယ်၊ မူးယစ်ဆေးဝါးအန္တရာယ်၊ အမျိုးသမီးများ အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေး ပန်းခင်းစီမံချက်နှင့်၊ မသန်စွမ်းသူများဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်များ ကိုလည်း သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက် ရိုက်ကူးပြီး We Love Ngaphe Facebook Page မှတစ်ဆင့် ထုတ်လွှင့်တင်ဆက်ပေး လျက်ရှိကြောင်း သိရသည်။
မယု(ငဖဲ)