မင်းဘူး စက်တင်ဘာ ၁၆
သခွားပင်သည် ဘူး၊ ဖရုံမျိုးရင်းဝင် အပင်မျိုးဖြစ်ပြီး အသီးကင်း၊ အသီးနုနှင့် အသီးရင့်မှည့်သည်အထိ စားသုံးကြသည်။ အသီးနုကိုတို့စားကြပြီး အသီးရင့်ကို အမှည့်ထားပြီး ချက်စား၊ သုတ်စားကြသည်။
သခွားပင်ကို ဖရဲပင်ကဲသို့ ယာခင်းထဲတွင်ကျဲပက်၍ စိုက်ပျိုးသူများရှိသလို တိုင်ထောင်စင်တင်ပြီး စိုက်ပျိုးကြသူများနှင့် အချို့က တိုင်ထောင်၍ ဝါးကဒ်တန်းလေးများဖြင့် စိုက်ပျိုးကြသူများလည်း ရှိကြသည်။
သခွားမျိုးမှာ အရွယ်အစားကိုလိုက်၍ ငြုပ်သခွား၊ သခွားချဉ်စသည်ဖြင့် ခေါ်ဆိုကြပြီး အချို့က စည်သွတ်သခွား၊ ဂါကင်းသခွား ဟူ၍ခေါ်ကြသည်။ သခွားကို မျိုးစေ့များဖြင့် ပြန်လည် စိုက်ပျိုးနိုင်ပြီး အချို့က စပ်မျိုးများဖြင့် စိုက်ပျိုးကြကာ စပ်မျိုးများမှာ အထွက်နှုန်းကောင်းခြင်း၊ သီးလုံးညီညာခြင်း၊ အရောင်အသွေး လှပခြင်းတို့နှင့် ပြည့်စုံကြသည်။
သခွားစိုက်ပျိုးရာတွင် ရေမဝပ်နိုင်သော နှုန်းမြေသည် အသင့်တော်ဆုံးဖြစ်သည်။ မိုးရာသီတွင် ပေါင်များ ပြုလုပ်၍ စိုက်ပျိုးကြသည်။ သခွားကို မိုးရာသီတွင် အများဆုံးစိုက်ပျိုး၍ ရေရရှိသော ဒေသများတွင် တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်သည်။ သို့သော် ပူပြင်းခြောက်သွေ့သော ရာသီတွင် ရောဂါပိုးမွှားများ ကျရောက် တတ်သည်။
သခွားစိုက်ပျိုးသည့်အခါ သခွားပင်များသည် အကြီးမြန်သော အပင်များဖြစ်သောကြောင့် ရွှေ့ပြောင်းပြီး စိုက်ပျိုးသည့်ဒဏ်ကို ခံနိုင်ပေ။ ထို့နောက် စိုက်ခင်းထဲ၌ ပေါင်းမြက်ရှင်းလင်းခြင်းကို ၁၅ ရက်မှ ၂၀ ရက်အတွင်း တစ်ကြိမ် ရှင်းလင်းပေးရသည်။
သခွားပင်တွင် ကျရောက်တတ်သော ရောဂါများမှာ ဖားဥမှိုရောဂါ၊ မှဲ့ပြောက်စွန်းရောဂါ၊ ပင်စည်အစေးထွက် ရောဂါ၊ ဒေါင်းနီရွက်ခြောက်ရောဂါများ ကျရောက်တတ်သဖြင့် မှိုသတ်ဆေးများဖြင့် ကာကွယ်နှိမ်နင်းခြင်း၊ အပင်အစိတ်အပိုင်း ဖြတ်တောက် မီးရှို့ခြင်းများ ပြုလုပ်ပေးရသည်။
သခွားသီးများကို ၄၅ ရက်သားမှ စတင်ကာ ဆွတ်ခူးနိုင်သည်။ သို့သော် အသီးအနုအရင့် အမှဲ့စသော ဈေးကွက် ကြိုတ်နှစ်သက်သော အရွယ်များတွင် ၁၀၀၊ ၁၅၀၊ ၂၀၀ ဈေးအမျိုးမျိုးဖြင့် ခူးဆွတ်ရောင်းချ လို့ရကြောင်း မင်းဘူး(စကု)မြို့နယ် ဇရပ်ကြီးကျေးရွာမှ သခွားစိုက်တောင်သူ ကိုမောင်အုန်းထံမှ သိရသည်။
ဇေယျာထက် (မင်းဘူး)