မုံရွာ စက်တင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ယမန်နေ့ နံနက် ၉ နာရီ အချိန်က ကျောက္ကာ(တ)ကျေးရွာ ရွှေဂူနီဘုရားဓမ္မာရုံနှင့် ကျောက္ကာ(မ)ကျးရွာအုပ်စု အလယ်တန်း ကျောင်းတို့တွင် စုရပ်ထားကာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေး ထိုးနှံပေးရာတွင် ကျေးရွာအုပ်စုအတွင်းရှိ (၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် ရဟန်းသံဃာများ၊ သီလရှင်များ၊ ကျေးရွာလူမှုကူညီရေးအသင်းအဖွဲ့၀င်များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခြင်းဖြစ်ကြောင်း ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီထံမှ သိရသည်။
ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ရုံးခန်းမတွင်လည်း ကျား(၁၁၉)ဦး၊ မ(၁၃၄)ဦး၊ ပေါင်း(၂၅၃)ဦး၊ ကျောက္ကာ(တ)ကျေးရွာအုပ်စုတွင် ကျား(၄၃)ဦး၊ မ(၃၅)ဦး၊ ပေါင်း(၇၈)ဦး၊ ကျောက္ကာ(မ) ကျေး ရွာအုပ်စုတွင် ကျား(၇၈)ဦး၊ မ(၆၄)ဦး၊ ပေါင်း(၁၄၂)ဦးတို့အား ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေး ထိုးနှံပေးရာသို့ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ လူမှုကူညီရေး အသင်းအဖွဲ့များက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် အသက်(၆၅)နှစ်နှင့် အထက်သက်ကြီး ဘိုးဘွားများအပါအဝင် ဦးတည်အုပ်စုများအလိုက် ကျန်ရှိနေသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ရောက်ရှိမှု အပေါ်မူတည်၍ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီ ဆက်လက်၍ ထိုးနှံပေးမည် ဖြစ်ကြောင်းနှင့် ယနေ့အထိ မုံရွာမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးပြီးသူ (၉၉၇၃)ဦး ရှိပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
ထိန်လင်း-မုံရွာ