ဝေါမြို့နယ်တွင် အသက်(၅၅)အထက်ရှိသူများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးပြီး ဈေးရောင်းချသူများ၊ အချုပ်သားများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ဝေါ  စက်တင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ပထမကြိမ်ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံပြီးသည့် ဈေးရောင်းချသူများနှင့် အချုပ်သားများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယမန်နေ့နံနက် ၈ နာရီတွင် ဝေါမြို့၊ ပြည်သူခန်းမတွင် ထိုးနှံပေးပြီး၊ မွန်းလွဲ ၂ နာရီတွင် အသက်(၅၅)နှစ်အထက်ရှိသူများအား မြို့နယ်ခန်းမဆောင်၌ Phase(2) Sinopham (5)Dose အမျိုးအစား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမော်၊ အဖွဲ့ဝင် ဗိုလ်မှူး မျိုးဝင်းအောင်နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေး အားပေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဆွေးနွေးဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ဝေါမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံသည့် ဈေးရောင်းချသူများနှင့် အချုပ်သား စုစုပေါင်း (၆၅၂)ဦးနှင့် Phase(2) Sinopham (5)Dose အမျိုးအစား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ် ထိုးနှံသူ အသက်(၅၅)နှစ်အထက်(၂၀၀)ဦး ရှိကြောင်း သိရသည်။

စိုးမိုး