မောင်တော စက်တင်ဘာ ၁၆
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အောက်ဆီဂျင်ပြတ်လတ်မှု မရှိစေရေးအတွက် မောင်တောမြို့နေ ပြည်သူများနှင့် စေတနာရှင် အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် အောင်ဆီဂျင်စက်ရုံကို ပြည်သူ့ ဆေးရုံဝင်းအတွင်း တည်ဆောက်လျက်ရှိရာ ယခုအခါ(၈၀)ရာခိုင်နှုန်း ပြီးစီးနေပြီကြောင်း မြို့နယ်အောက်ဆီဂျင် ဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။
အဆိုပါတည်ဆောက်နေသည့် အောက်ဆီဂျင်စက်ရုံမှာ သတ်မှတ်ထားသော မြေကွက်ပေါ်တွင် ပေ ၃၀ x ၃၀ ပေတစ်ထပ်အဆောက်အဦး မြန်ဆန်ကောင်းမွန်စွာ ပြီးစီးနိုင်ရေးအတွက် အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေး ကော်မတီမှ ကြိုးစားဆောင်ရွက်လျက်ရှိပြီး အောက်ဆီဂျင် ထုတ်လုပ်သည့်စက်နှင့် ဆက်စပ်ပစ္စည်းများ၊ အောက်ဆီဂျင် ဆလင်ဒါအိုးကြီး(၁၅၀)လုံးနှင့် အောက်ဆီဂျင် စက်ရုံအတွက် ဝယ်ယူထားသော မီးစက်(100)Kvaနှင့် ဆက်စပ်ပစ္စည်းများမှာလည်း ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
ယခုအခါ အောက်ဆီဂျင်စက် တပ်ဆင်နိုင်ရေးအတွက် ကျွမ်းကျင်ပညာရှင်များအား ခေါ်ယူထားပြီးဖြစ်ရာ အောက်ဆီဂျင်စက်မှာ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ နောက်ဆုံးအပတ်တွင် စတင် လည်ပတ်နိုင်မည်ဟု ခန့်မှန်ထားပြီး အောက်ဆီဂျင်စက် လည်ပတ်လာပါက (၄၀)လီတာဆံ့ အောက်ဆီဂျင်အိုး(၈၀)မှ (၁၂၀)အိုးထိ ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း မြို့နယ်အောက်ဆီဂျင် ဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဦးလှမြင့်၏ ပြောကြားချက်အရ သိရသည်။
သက်လွင်စိုး ခရိုင်(ပြန်/ဆက်)