နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးရသေးသူများအား ပထမအကြိမ် ထိုးနှံပေး

နတ်မောက် စက်တင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် အသက်(၅၅)နှစ်နှင့်အထက် အသက်အရွယ် ကြီးရင့်သူများ အပါအဝင် အသက်(၁၈)နှစ်အထက် ပြည်သူများကို ဦးစားပေးအုပ်စုအလိုက် ယမန်နေ့မှ စတင်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးမထိုးရသေးသူများအား ပထမအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်ခန့် မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေး ဌာနစုရပ်နေရာနှင့် ရွှေပန်းတောကျေးရွာ တိုက်နယ်ဆေးခန်းတို့တွင် ထိုးနှံပေးလျက်ရှိသည်။

အဆိုပါကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့် ကလေး ကျန်းမာရေးဌာနမှ ဆရာ/ဆရာမများက ဆေးထိုးနှံပေးရာတွင် လူစုလူဝေး မဖြစ်ပေါ်စေရေးနှင့် လာရောက် ထိုးနှံသူများ အနေဖြင့် အဆင်ပြေချောမွေ့စွာ ထိုးနှံပေးနိုင်ရေး အတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီများ၊ ရပ်ကွက်/အုပ်ချုပ်ရေးမှူးများ၊ မြို့နယ် အရန်မီးသတ် တပ်ဖွဲ့ဝင်များက လာရောက်ကြသည့် ပြည်သူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ လက်ကို စနစ်တကျ ဆေးကြောစေခြင်းနှင့် တစ်ဦးနှင့်တစ်ဦး(၆)ပေကွာမှ တန်းစီစောင့်ဆိုင်းစေခြင်းအပါအဝင် လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးကြောင်း သိရသည်။

ယခုထိုးနှံပေးမည့် ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော (Sinopharm) အမျိုးအစားဖြစ်ပြီး နတ်မောက်မြို့နယ်တွင် ဆေးအလုံးရေ (၁၀၄၀)လုံးရရှိပြီး ဆေးတစ်လုံးလျှင် လူ(၅)ဦးနှုန်း ထိုးနှံပေးသွားမည်ဖြစ်ပြီး ကျန်ရှိစုရပ်များတွင်လည်း ဆက်လက်ထိုးနှံပေး သွားမည်ဖြစ်ကြောင်း သိရသည်။

လှဝင်း