မွန်ပြည်နယ်ဝန်ကြီးချုပ် မော်လမြိုင်နှင့် သထုံဆေးရုံ တိုးချဲ့ဆောက်လုပ်ခြင်း ညှိနှိုင်းအစည်းအဝေးနှင့် ဝန်ထမ်း ၂၁၈ ဦးအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနား တက်ရောက်

မော်လမြိုင် စက်တင်ဘာ ၁၆

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကျန်းမာရေးဦးစီးဌာန၊ ကုသရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပသည့် Isolation ward တိုးချဲ့ ၄ ထပ်ဆောင်နှင့် ICU တိုးချဲ့ ၂ ထပ်ဆောင်ဆောက်လုပ်ခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်သည်။

ရှေးဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ်အား ပြည်နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်း က  မော်လမြိုင် အထွေထွေရောဂါကုဆေးရုံကြီးတွင် Isolation ward တိုးချဲ့ ၄ ထပ်ဆောင်နှင့်  သထုံခရိုင် ပြည်သူ့ ဆေးရုံကြီးတွင်   ICU တိုးချဲ့ ၂ ထပ်ဆောင်  ဆောက်လုပ်မည့်   အစီအစဉ်များကို ရှင်းလင်းတင်ပြရာ ပြည်နယ် ဝန်ကြီးချုပ်က နည်းပညာမြင့် အဆောက်အဦး ဒီဇိုင်းများဖြင့် ခေတ်မီစွာဆောက်လုပ်ရေး၊ အထူးကြပ်မတ် ကုသဆောင် အဆောက်အဦများတွင် အောက်ဆီဂျင်၊ ရေနှင့်မီးလိုင်းများ ကောင်းမွန်ရေး၊ ကိုဗစ်-၁၉ရောဂါ နှင့်အတူ ယှဉ်တွဲနေထိုင်ရေးအတွက်  အဆင့်မြှင့်တင် ပြင်ဆင်သွားရန်မှာကြားပြီး တက်ရောက်လာသူများ၏ တင်ပြဆွေနွေးမှုအပေါ်  ပေါင်းစပ်ညှိနှိုင်းပေးသည်၊၊

မော်လမြိုင် အထွေထွေရောဂါ ကုဆေးရုံကြီးတွင် Isolation ward တိုးချဲ့ ၄ ထပ်ဆောင် အဆောက်အဦကို အလျား ၅၀ပေ၊ အနံ၃၂ပေ  ကျပ် ၅၆၇ သန်းနှင့် သထုံခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ICU တိုးချဲ့ ၂ ထပ်ဆောင် အဆောက်အဦအား  အလျား ၅၀  ပေ၊ အနံ၅၀ ပေ   ကျပ် ၂၈၉ သန်းဖြင့် အကြီးစားပြင်ဆင်ထိန်းသိမ်းမှု သာမန်ရန်ပုံငွေဖြင့် တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်၊၊

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်  မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး   ဟင်္သာခန်းမ၌ ပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံကာ ပြည်နယ်ဝန်ကြီးချုပ်က ဌာနဝန်ထမ်းများသည် ပြည်သူအတွက် အလုပ်လုပ်ကိုင်ရသည့် ဌာနအဖွဲ့အစည်းဖြစ်ကြောင်း  နိုင်ငံတော်ယန္တရား စဉ်ဆက်မပြတ်သက် ဝင်လှုပ်ရှားစေရေး နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ဝန်ထမ်းကျင့်ဝတ်တို့အရ သတ်မှတ်ထားသော စည်းမျည်း၊ စည်းကမ်း များကို လိုက်နာရန် လိုအပ်ကြောင်း ပြောကြားပြီး ဝန်ထမ်းတစ်ဦးလျှင် ဆန် ၈ ပြည် အိတ် ၁ အိတ်နှင့် Track suit တစ်စုံနှုန်းဖြင့် ဝန်ထမ်း ၂၁၈ ဦးအတွက် တန်ဖိုးငွေကျပ် ၆၄၃၁၀၀၀ ထောက်ပံ့ပေးအပ်ခဲ့ရာ ဝန်ထမ်းများက လက်ခံရယူခဲ့ကြောင်း သိရသည်၊၊

ဇာဖြူဝင်း(ပြန်/ဆက်)